(၂၁) ရာစုပင်လုံ(စတုတ္တအစည်းအဝေး) မတိုင်မီ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နောက်တစ်ကြိမ်ကျင်းပရန် မွန်အဖွဲ့အစည်းများဆုံးဖြတ်

0
166
မွန်အဖွဲ့အစည်းများ၏ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ပွဲ(Facebook)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(စတုတ္တအစည်းအဝေး) မတိုင်မီ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နောက်ထပ်တစ်ကြိမ်ထပ်မံကျင်းပရန် ယမန်နေ့တွင် ကျင်းပပြီးစီးသည့် မွန်အဖွဲ့အစည်းများ၏ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ပွဲက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိက Stakeholder ဦးဆောင်မွန်အဖွဲ့အစည်းများဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ၊ မွန်ပါတီများ (AMDP+MNP) နှင့် မွန်အရပ်ဖက်မွန်လူမှုအဖွဲ့အစည်း CSO များမှ ကိုယ်စားလှယ် ၆၀ ဦးခန့်က မော်လမြိုင်မြို့၌ စက်တင်ဘာ ၁၄-၁၅ ရက်နေ့ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ပွဲအခမ်းအနား၌ ဆုံးဖြတ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာန ဒုတိယတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်က ပြောသည်။

နိုင်ဟံသာဗိန်ခိုင်က “ရေးမြို့မှာ ပြုလုပ်ခဲ့ပြီးတဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို အချိန်တိုတိုနဲ့ အရင်စလိုလုပ်ခဲ့ရတော့ အားနည်းချက်တွေ အထူးသဖြင့် မူဝါဒပိုင်းတွေ ပါဝင်မှုအားနည်းခဲ့တယ်၊ ဒါကြောင့် လာမယ့် ပင်လုံစတုတ္ထအစည်းအဝေး မကျင်းပခင်မှာ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယအကြိမ် ထပ်လုပ်ချင်တယ်၊ လုပ်ဖို့လည်း စီစဉ်ထားတယ်” ဟု ပြောသည်။

သို့ရာတွင် လက်ရှိမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မိမိတို့မွန်လူမျိုးတစ်မျိုး၊ အဖွဲ့အစည်းတစ်ခုတည်းဖြင့် လုပ်ဆောင်ရသည့်ကိစ္စမျိုးမဟုတ်ကြောင်း၊ သက်ဆိုင်သည့် Stakeholder များဖြစ်ကြသော အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများအားလုံး စေတနာမှန်ကန်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ပါက အောင်မြင်လိမ့်မည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီအတွင်းရေးမှူး မင်းအောင်ထူးက “မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယအကြိမ်ထပ်ပြီး လုပ်နိုင်ဖို့အတွက် ပြင်ဆင်ဖို့လိုတယ်၊ ပထမအကြိမ်ဆွေးနွေးပွဲမှာ ကျနော်တို့ ရရှိထားတဲ့စာတမ်းတွေ မူဝါဒအကြံပြုချက်တွေက မြန်မြန်ဆန်ဆန်လုပ်ခဲ့ရတော့ ရောရောနှောနှော ဖြစ်နေတာပေါ့လေ၊ ဒါတွေကို အခုပြန်လည်သုံးသပ်ကြပြီးတော့ ဒုတိယအကြိမ် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့လိုတယ်လို့ မြင်တယ်” ဟု ဆိုသည်။

ထို့ပြင် တိုင်းရင်းသားအစုအဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ၊ စွမ်းရည် Capacity မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားများဘက်မှ ဆွေးနွေးချက်များ ပိုမိုခိုင်မာစေရန်နှင့် ရပ်တည်ချက်တူညီစေရန် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးမှုများ မကြာခဏပြုလုပ်သင့်ကြောင်း အထက်ပါ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ပွဲအခမ်းအနားက ရှုမြင်ကြောင်း ၎င်းက ဆိုသည်။

အလားတူ စက်တင်ဘာလဆန်းပိုင်းက မော်လမြိုင်မြို့၌ ၂ ရက်တာကျင်းပခဲ့သည့် မွန်နိုင်ငံရေးပါတီများ၏ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံအစည်းအဝေးကျင်းပနေခြင်းအပေါ် အစုအဖွဲ့အသီးသီးကိုယ်စားလှယ်များက စိတ်ဝင်စားမှုကျဆင်းလာသည်ကို တွေ့ရှိခဲ့ကြောင်း သုံးသပ်ခဲ့ကြသည်။

ထို့အတူ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲများကို မွန်ပြည်သစ်ပါတီက ၎င်းတို့ထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်း၌၎င်း၊ မွန်အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများက မော်လမြိုင်မြို့ ရာမညဟိုတယ်၌၎င်း ပြီးခဲ့သည့်သီတင်းပတ်တွင် အသီးသီးကျင်းပခဲ့ပြီး ဖြစ်သည်။

JMC-U အဆင့်တွင် မွန်ပြည်သစ်ပါဝင်သော်လည်း ကရင်-တနင်္သာရီ JMC-S ၌ ပါဝင်ခွင့်မပြုသဖြင့် JMC-S မွန်တွင် ပါဝင်ခြင်းမပြုနိုင်ဟု မွန်ပြည်သစ်ပါတီဗဟိုကော်မတီက ဆုံးဖြတ်ထားကြောင်း ၎င်းကဆိုသည်။

မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အခြေစိုက်လှုပ်ရှားလျက်ရှိသည့် မွန်လူမျိုးများ အထူထပ်ဆုံးနေထိုင်ရာဒေသများဖြစ်သည့် ကရင်ပြည်နယ်အတွင်း ခရိုင်ဌာနချုပ်ရုံး ၃ ခုနှင့် တပ်ရင်း ၃ ရင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရိုင်ဌာနချုပ်ရုံး ၂ ခုနှင့် တပ်ရင်း ၂ ရင်းရှိကြောင်း မွန်ပြည်သစ်ပါတီမှတ်တမ်းအရ သိရသည်။

သို့ရာတွင် ကရင်အမျိုးသားအစည်းအရုံး KNU အား ကရင်၊ မွန်၊ ပဲခူးနှင့် တနင်္သာရီ JMC-S ၄ နေရာ၌ ပါဝင်ခွင့်ပေးထားသော်လည်း မွန်ပြည်သစ်ပါတီကိုခွဲခြား၍ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင် ပါဝင်ခြင်းမပြုနိုင်သည်မှာ တပ်မတော်၏ သဘောထားဖြစ်သည်ဟု ငြိမ်းချမ်းရေးဖြစ်စဉ်စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here