တပ်မတော် ခေါင်းဆောင်များကို ICC တင်ရန် ကုလကို တိုင်းရင်းသားများ တိုက်တွန်း

0
240
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အာင်ဆန်းစုကြည် နဲ့ တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

ကချင်၊ ရှမ်း နှင့် ရခိုင် ပြည်နယ်များတွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ဖော်ထုတ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ အကြံပြုချက်များအတိုင်း ကုလသမဂ္ဂမှ အမြန်ဆုံး အရေးယူ လုပ်ဆောင်သင့်ကြောင်း တိုင်းရင်းသားများ သြဂုတ် (၂၇)ရက်နေ့ ထုတ်ပြန်ချက်ဖြင့် တိုက်တွန်းလိုက်သည်။

အထူးသဖြင့် ရခိုင်ဒေသ စစ်ဆင်ရေးအတွင်း လူနည်းစု ရိုဟင်ဂျာများကို အစုတ်အလိုက် သတ်ဖြတ်မှု၊ ကချင် နှင့် ရှမ်းမြောက်ဒေသများ တွင် စစ်ရာဇဝတ်မှု ချိုးဖောက်မှု၊ လူသားမျိုးနွယ်စုပေါ် ပြစ်မှုကျူးလွန်မှုများကြောင့် တာဝန်ရှိသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေး ဦးစီး ဗိုလ်ချုပ်ကြီး စိုးဝင်း တို့အပါဝင် အရာရှိ (၆)ဦး ကို အရေးယူပေးဖို့ အချက်အလက်ရှာဖွေရေး ကော်မရှင် တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

ယခု တွေ့ရှိချက်များအတိုင်း ကုလသမဂ္ဂ မှ ထိရောက်စွာအရးယူခြင်း မပြုလုပ်နိုင်ပါက ကမ္ဘာ့အဖွဲ့အစည်းများအတွက် ဧရာမကျရှုံးမှု ဖြစ်မည်ဖြစ်သောကြောင့်၊ လာမည့် (၃၉)ကြိမ်မြောက် ကုလ လူ့အခွင့်အရေးကောင်စီတွင် အကြံပြုချက်အတိုင်း အရေးယူသင့်သည်ဟု အာရှ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖိုရမ်၊ ရှေ့ပြေးအသံအဖွဲ့၊ ညီမျှခြင်း မြန်မာ၊ ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ နှင့် ရိုဟင်ဂျာ အမျိုးသမီးဘဝ ဖူလုံရေး အသင်းတို့ တိုက်တွန်းချက် ထုတ်ပြန်ထားပါသည်။

ထို့ကြောင့် အကြံပြုချက်များအတိုင်း ပြစ်မှုကျူးလွန်မှုများတွင် တာဝန်ရှိ စစ်ဗိုလ်များကို နိုင်ငံတကာ စစ်ရာဇဝတ်မှု ဆိုင်ရာ ခုံရုံး ICC သို့ လွဲပေးရန် သို့မဟုတ် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အထူး ခုံရုံးတည်ထောင်ပြီး လှုပ်ရှားဆောင်ရွက်ရန် အချက်များကို လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုထားပါသည်။

ကချင်ဒေသများတွင် တပ်မတော်မှ ပြည်သူလူထုရှိရာနေအိမ်များကို ဦးတည်ပြီး လေယာဉ်ဗုံးကျဲခြင်း၊ အရပ်သားများ ပိုင်ဆိုင်မှုကို လုယူခြင်း နှင့် ဖျက်စီးပေးခြင်း အပြင် အမျိုးသမီးများအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများကိုပင် ပြုလုပ် ခဲ့ကြောင်း အဆိုပါ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ယခုတွေ့ရှိချက်များကို ကြိုဆိုလက်ခံကြောင်း နှင့် လိုအပ်မှုများကို ကူညီသွားမည် ဟု မြောက်ပိုင်းမဟာမိတ် (Northern Alliance-Burma) အဖွဲ့ဝင် တအောင်းလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA က သြဂုတ် (၂၇)ရက်နေ့ ထုတ်ပြန်သည်။

ထို့အပြင် မြန်မာအစိုးရ နှင့် တပ်မတော်ကို နိုင်ငံတကာ စစ်ရာဇဝတ်မှု ဆိုင်ရာ ခုံရုံး ICC အရောက်တွန်းပို့နိုင်ရေး အင်္ဂလန်အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO-UK မှ UK အစိုးရကို သြဂုတ် (၂၈)ရက် နေ့တွင် တိုက်တွန်းထားသည်ကို တွေ့ရပါသည်။

ယခု အစီရင်ခံစာကို ရေးသားခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင် ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မှ ၂၀၁၇ တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here