မတရားရိုက်နက်ခံ ဓမ္မဆရာ ဘောမ်ယိန်း တရားမျှတမှုရရှိရေး နယ်ခြားစောင့်ဘက်မှ လက်မှတ်ထိုးပေးရန် လိုအပ်နေသေး

0
122

ကချင်ပြည်နယ် ဆဒုံးဒေသ အစိုးရစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်များ၏ နှိပ်စက် ရိုက်နက်မှုကို ခံခဲ့ရသော ကချင်ဓမ္မဆရာ ဘောမ်ယိန်းအနေဖြင့် ထိုအမှုကို တရားမျှတမှု ရရှိအောင် ဆက်လက်ပြုလုပ်သွားမည်ဟု ပြောဆိုပါသည်။

ဝိုင်းမော်မြို့နယ် KBC လူငယ် တာဝန်ခံ Mading Zaidan Bawm Ying

ရိုက်နက်မှု ဖြစ်စဉ်သည် ဇူလိုင် ၃၀ ရက်နေ့ တွင်ဖြစ်ပွားခဲ့ပြီး၊ ဝိုင်းမော်နှစ်ခြင်းခရစ်ယာန်အသင်းတော်များ လူငယ်တာဝန်ခံ ဆရာဘောမ်ယိန်း အပြင်းအထန် ရိုက်နက်ခံရကာ၊ သူ၏ ဇနီး ဒေါ် ရွယ်ဆန့် နှင့် ဆဒုံအသင်းတော်မှ ဆရာနော်အောန် တို့ပင် နယ်ခြားတပ်၏ ရိုက်နက်မှုကို ခံခဲ့ရခြင်း ဖြစ်ပါသည်။

ထိုအမှုကောင်းမွန်စွာပြီးစီးရေးအတွက် ဝိုင်းမော် KBC မှ တာဝန်ရှိသူများ နှင့် နယ်ခြားစောင့်တပ် မှ ခေါင်းဆောင်များ ညှိ့နှိုင်းပြီးနောက် “နယ်ခြားစောင့်တပ်မှ နောက်နောင် ဆရာဘောမ်ယိန်းအပေါ် ယခုလို အပြုအမူ ထပ်မံ မကျူးလွန်တော့ကြောင်း လက်မှတ်ထိုးပေးရန် နှင့် ဆရာဘောမ်ယိန်းဘက်မှ နယ်ခြားစောင့်တပ်ကို အမှုကျေအေးကြောင်း လက်မှတ်ရေးထိုးပေးရန်” သြဂုတ် ၃ ရက်နေ့ ဆဒုံးမြို့ တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရပါသည်။

သို့သော်လည်း ထိုနေ့ ဆဒုံး KBC ဘုရားကျောင်းတွင် တွေ့ဆုံသည့် အစီစဉ်တွင် နယ်ခြားစောင့်တပ်မှ ဆရာဘောမ်ယိန်းအပေါ် အာမခံသည့် လက်မှတ်ကို ထိုပေးခြင်း မပြုဘဲ၊ အမှုကို ဆရာဘောမ်ယိန်းဘက်မှ ကြေးအေးပေးကြောင်းကိုသာ လက်ခံကာ ပြန်သွားပြီးနောက် KBC အသင်းတော်ခေါင်းဆောင်များဘက်မှ နယ်ခြားစောင့်တပ်ကို သွားရောက်တောင်းပန်ကြောင်း သတင်းမှားကိုသာ ထပ်မံ လွင့်ခဲ့သည်ဟု ရိုက်နက် ခံရသူ ဓမ္မဆရာ ဘောမ်ယိန်း ပြောပြပါသည်။

ဆဒုံးမြို့တွင်း ရေစီးရေလာကောင်းမွန်ရေး မြောင်းဖော်မှုလုပ်ငန်းနှင့် ပတ်သက်ပြီး ဆရာဘောမ်ယိန်းမှ သူ၏ နေအိမ်မထိခိုက်ရေး တာဝန်ကျ နယ်ခြားစောင့်တပ်ဖွဲ့နှင့် စကားပြောဆိုရာမှ ရိုက်နက် ခေါ်ဆောင်ခံရကာ တစ်ည အချုပ်ချထားခဲ့ကြောင်း ပြောပြပါသည်။

“ပထမဆုံး လက်သီး ၂ ချက်ကတော့ ကောင်းကောင်း မှတ်မိတယ်။ ကျန်တဲ့ ဟာက အားလုံး ဝိုင်းထိုးတော့ မသိတော့ဘူး။ ပြီးရင် လမ်းပေါ်ခေါ်သွားပြီး ထပ်ထိုးတယ်။ သူတို့မှာ လက်ထိပ် မပါလို့ ကျနော့ကို ကြိုးနဲ့ ချီတယ်။ အချုပ်ခန်းထဲ ရောက်သွားတယ်။ အဲဒီမှာလည်း ကျနော့ကို ထပ်ရိုက်တယ်။သူတို့ ခြေထောက်နဲ့ မျက်နာကို ကန်တယ်။ နောက်ဆုံးတော့ ဝက်ခြမ်းပြား နှင့် ရိုက်ပြီး သူတို့ မြေအောက်ခန်းမှာ ထည့်လိုက်တယ်” ဟု ဆရာဘောမ်ယိန်းပြန်လည် ပြောဆိုပါသည်။

ရိုက်နက်မှု ဖြစ်စဉ်ကို ဦးဆောင်ခဲ့သူ အမှတ် ၁၀၀၃၊ နယ်ခြားစောင့်တပ်မှ ဒုအရာခံ ဗိုလ် ဒေါင်ခေါင့် မှ လည်း ထိုဖြစ်စဉ်မှာ တာဝန်အရ ထိန်းသိမ်းမှုသာ ဖြစ်သည်ဟု ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက် EPN ကို ဖြေကြားထားသည်ကို တွေ့ရပါသည်။

“သူက မခန့်လေးစား ပြုလာလို့ သူ့လက်ကို ဆွဲချုပ်လိုက်တယ်။ အဲမှာ သူက လုံးဝ အဖမ်းမခံဘူး။ အဲကနေ ဆွဲလားရမ်းလား ဖြစ်သွားတယ်။ အဲကနေ ကျနော်တို့ကို အရင် လက်ရောက်ပါတယ်ဆိုပြီး သူတို့က ပြောတာ။ ဆိုတော့ ကျနော်တို့လည်း လူတစ်ယောက်ကို သွားဖမ်းတယ်ဆိုတာ ခြေထောက်နဲ့ တော့ ဘယ်ဖမ်းမလဲ၊ ဒီတော့ လက်ရောက်တယ်ဆိုတာ အဲဒီ သဘောပါဟု” ဖြေကြားထားပါသည်။

ယခု ကိစ္စမှာ ၂ ဖက် တွေ့ဆုံ ဆုတောင်းပွဲဖြင့် ပြီးစီးသွားပြီ ဖြစ်သောကြောင့် အားလုံး ကြေအေးသွားပြီ ဖြစ်ကြောင်း ဝိုင်းမော်ဇုံနယ် KBC အဖွဲ့တာဝန်ရှိသူများက ပြောဆိုပါသည်။

သို့သော်လည်း လက်နက်ကိုင် နယ်ခြားစောင့်တပ် မှ အရပ်သား ပြည်သူကို ဥပဒေမဲ့ အပြင်းအထန် ရိုက်နက်ခံမှုအဖြစ်မျိုး ထပ်မံ မဖြစ်ပွားစေရန် နယ်ခြားစောင့်တပ်မှ ဆရာဘောမ်ယိန်းအား ပေးထားသည့် မူလ ကတိ အတိုင်း လက်မှတ်ရေးထိုးပေးသင့်ကြောင်း ပြောဆိုခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here