ကရင်လက်နက်ကိုင်အချင်းချင်း နားလည်မှုပိုရှိရန် BGF တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်ပြောဆို

0
377

ကွဲပြားနေသည့် ကရင်လက်နက်ကိုင်များ အချင်းချင်းအကြား နားလည်မှု ပိုမိုရှိရန်လိုအပ်ကြောင်း ကရင်ပြည် နယ်၊ နယ်ခြားစောင့်တပ်၊ အမှတ် (၁၀၂၂)၊ တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်က ယနေ့ (သြဂုတ်လ ၂၁ရက်) ကျရောက်သည့် ၎င်းတို့၏ (၈)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့တွင် ကေအိုင်စီသို့ ပြောဆိုလိုက်သည်။

၎င်းက “ကျနော်တို့ ကရင်ပြည်နယ်မှာ ပိုး၊ စကောကရင်မျိုးနွယ်စုတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအများကြီး ရှိတယ်။ အများကြီးရှိပေမဲ့လည်း ကရင်တွေပဲဖြစ်တယ်။ ယူနီဖောင်းဝတ်၊ လက်နက်ကိုင်ပြီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက် လုပ်ဆောင်နေကြတာချည်းဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ နားလည်မှုရှိဖို့ လိုတယ်။ အချင်းချင်း ပြန်ပစ်ခတ်ကြမယ်ဆိုရင် ပိုးကရင် သေရင်လည်းကရင်ပဲ၊ စကောကရင်သေရင်လည်း ကရင်ပဲဖြစ်တယ်။ ဒါကြောင့် ကိုယ့်လူမျိုးအချင်းချင်း နားလည်မှုမရှိရင် ပိုပြီးသေကြေပျက်စီးကုန်လိမ့်မယ်” ဟု ကရင်ဘာသာဖြင့် ပြောဆိုသည်။

ထို့အပြင် လက်ရှိအချိန်အထိ စောဘဦးကြီး ချမှတ်ခဲ့သည့် မူ(၄)ချက်မှ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်ဆိုသည့်မူအတိုင်း ၎င်းတို့လက်နက်သည် ၎င်းလက်ထဲတွင်သာရှိနေသေးကြောင်း၊ တစ်ဦးနှင့်တစ်ဦး အပြစ်ဖို့ခြင်းထက် လက်ရှိတွင် ပေါင်းစည်းမှုနှင့် စည်းလုံးညီညွတ်မှုအတွက်သာမက ဖိနှိပ်မှုများကို အတူတကွ နည်းလမ်းရှာရန်သာ အဓိကဖြစ်သည်ဟုလည်း ဗိုလ်မှူးစောမုတ်သုန်က ဆက်ပြောသည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခွဲထွက်ခဲ့သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ KNU/KNLA-PC(ငြိမ်းချမ်းရေးကောင်စီ)နှင့် အစိုးရ တပ်မတော် လက်အောက်ခံရှိ နယ်ခြားစောင့် တပ်(BGF) စသည့် ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရှိနေပြီး ရပ်တည်ချက်၊ မူဝါဒနှင့် အမြင်သဘောထားများကွဲ ပြားမှုကြောင့် ယနေ့အချိန်ထိ ပြန်လည်ပေါင်းစည်းနိုင်ခြင်းမရှိသေးဘဲ ၎င်းတို့အကြား စည်းလုံး ညီညွတ်မှုတည်ဆောက်နေဆဲအခြေအနေတွင် သာရှိနေသေးသည်။

ယနေ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာရှိ တပ်ရင်းနယ်မြေတွင်ပြုလုပ်သည့် ၎င်းတို့၏ (၈)နှစ် မြောက်တပ်နှစ်ပတ်လည်နေ့သို့ DKBA၊ KNU/KNLA-PC(ငြိမ်းချမ်းရေးကောင်စီ)မှ အဆင့်မြင့်အရာရှိ နှင့် ရဲဘော်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ အစိုးရတာဝန်ရှိသူများ၊ တပ်မတော်အရာရှိများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အာဏာပိုင်အချို့နှင့် လူထုလူတန်းစားအသီးသီး တက်ရောက်ခဲ့သော်လည်း ကရင်အမျိုးသားအစည်း အရုံး (KNU)မှ တာဝန်ရှိသူများ တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ကို ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ်၊ သြဂုတ်လတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA မှ တပ်ရင်း ၁၂ရင်း ၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့(KPF)အဖွဲ့မှ တပ်ရင်း ၁ ရင်းဖြင့် နယ်ခြားစောင့်တပ် (BGF) အဖြစ်သို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၃,ဝဝဝ ကျော်ရှိသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယခင်နှစ်များက ၎င်းတို့ ဌာနချုပ် တည်ရှိရာ ရွှေကုက္ကိုလ်မြိုင်ကျေးရွာတွင် နှစ်စဉ် စုပေါင်းကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ အမှတ် ၁ဝ၂၂ တပ်ရင်း ဌာနချုပ်တည်ရှိရာတစ်ခုထဲတွင်သာ ကျင်းပခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here