မတရားအသင်းဥပဒေ စွပ်စွဲခံ ဆရာမင်ဆိုင်းအမှု တရားလိုသက်သေ ၂ ဦးကို စစ်ဆေး

0
268

မတရားအသင်းဆက်သွယ်မှု ဥပဒေနဲ့ အရေးယူခံထားရသည့် ဘာသာရေးဆရာဟောင်း ပူတာအို နမ်ရှနီဖွံ့ဖြိုးရေးအဖွဲ့အစည်း တာဝန်ခံ ဆရာမင်ဆိုင်းကို ဇူလိုင် ၃၀ ရက်နေ့ မချန်းဘော့မြို့နယ် တရားရုံးတွင် ၁၀ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပါသည်။

လွန်ခဲ့သည့် ၂၀၁၃ အင်ခါဂါးကျေးရွာတိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ဆရာမင်ဆိုင်းသည် သတင်းပေးခဲ့ကြောင်း ရဝမ်ယဉ်ကျေးမှုဥက္ကဌဟောင်း ဦးဆာဝန်ဖုန် မှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် တောင်ပိုင်းတိုးချဲ့နယ်မြေ နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ထံ ပေးပို့သည်စာတွင် ဖော်ပြပြီးနောက် တပ်မတော် ခလရ ၁၃၇ မှ ဗိုလ်ကြီးသက်ထွန်းအောင် တရားလို အမှုဖွင့်ခဲ့ခြင်းဖြစ်ပါသည်။

ထို့ကြောင့် ဆရာမင်ဆိုင်းကို ယခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၂၀ ရက်နေ့တွင် စတင် စစ်ဆေးခဲ့ပါသည်။

ဇူလိုင် ၃၀ ရက်နေ့ ရုံးချိန်းစစ်ဆေးမှုတွင် တရားလိုသက်သေများဖြစ်သော ဝန်ကြီးချုပ်ထံ စာပို့သည့် ဦးဆာဝန်ဖုန် နှင့် ၂၀၁၃ အင်ခါဂါးတိုက်ပွဲတွင် ပါဝင်ခဲ့သူ ခလရ ၁၃၇ မှ ဒုတပ်ကြပ်မြင့်ဌေး တို့ ၂ ဦးကို စစ်ဆေးခဲ့ပါသည်။

သို့သော်လည်း ၎င်းတို့အနေဖြင့် ဆရာမင်ဆိုင်းသည် KIA ကို သတင်းပေးခဲ့သူ ဟုတ်မဟုတ် တိကျစွာ သိရှိပြီး ရေးသားခြင်း မဟုတ်ခဲ့ကြောင်း ယနေ့ ထွက်ဆိုခဲ့သည်ဟု သိရပါသည်။

ဆရာမင်ဆိုင်းသည် ပူတာအိုခရိုင် အရပ်ဖက်အဖွဲ့အစည်းများကို ဦးဆောင်သူ တစ်ဦးဖြစ်ပြီး ခါကာဘိုရာဇီအမျိုါ်သားဥယျာဉ်တောင်ပိုင်းတိုးချဲ့နယ်မြေ သတ်မှတ်မှုအပေါ် ကွင်းဆင်းစစ်ဆေးမည့် အဖွဲ့တွင်လည်း ပါဝင်သည်ဟု သိရသည်။

သူ၏ ဇနီးသည်လည်း အစိုးရဝန်ထမ်း ဆရာမ တစ်ဦးဖြစ်ပြီး ကလေး ၃ ဦး၏ ဖခင်ဖြစ်သည်ဟုလည်း သိရပါသည်။

အမှုဆက်လက်စစ်ဆေးရန် သြဂုတ်လ ၁၃ ရက်နေ့ ထပ်မံ ရုံးချိန်းထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here