ရန်ကုန်မြို့လယ်ခေါင် ကရင်အာဇာနည်နေ့အထိမ်းအမှတ်ပွဲ  ဦးဆောင်သူ ကရင်လူငယ် ၂ ဦးနှင့် ၀န်းရံသူ ၁ ဦးကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် တရားစွဲ

0
212

သြဂုတ် ၂၆ ရက်။ ၂၀၂၀ ပြည့်နှစ်။

ရန်ကုန်မြို့တွင် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ ကျင်းပခဲ့သည့်အတွက် ဦးဆောင်သူ ကရင်လူငယ် စသိန်း ဇော်မင်းအပါအ၀င် ၃ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ အရ ယနေ့(သြဂုတ် ၂၄ ရက်) ကျောက်တံတားမြို့နယ် တရားရုံးတွင် စတင်တရားစွဲဆိုလိုက်ပြီဟု သိရသည်။

အဆိုပါ တရားစွဲဆိုမှုများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ ညွှန်ကြားမှုဖြင့် ကျောက်တံတား မြို့နယ်ရဲ တပ်ဖွဲ့ ရဲမှူးမျိုးသက်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု တရားစွဲဆိုခံရမှုအပေါ် လိုက်လံကူညီ ဆောင်ရွက် ပေးသူများ၏ ပြောပြချက်များအရသိရသည်။

စသိန်းဇော်မင်းက “ကျနော်တို့ကို ငြိမ်းစုစီ ၂၀ နဲ့တရားစွဲဆိုထားတာပေါ့။ အစကတော့ ကျနော်တို့ ကိုယ်တိုင်ခံ ၀န်ယူမယ်ပေါ့။ ဒါပေမယ့် မစိန်ထွေးလည်းပါတယ်ဆိုတာ ဒီနေ့မှ သိတယ်။ မစိန်ထွေးလည်း မယူဘူးဆိုတော့ အဲဒီတော့ ကျနော်တို့ခံ၀န်လည်း မယူတော့ဘူး။ အစစ်လည်း မခံတော့ဘူး။ ကျနော်တို့ ဒီအတိုင်းဆက်ပြီး ရင်ဆိုင်သွားဖို့ရှိတယ်”ဟု ပြောသည်။

သြဂုတ်လ ၁၂ ရက်နေ့ နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ ကျင်းပခဲ့မှုကြောင့် ဦးဆောင်ကျင်းပသူ စသိန်း ဇော် မင်း၊ စကွာလာတို့အပြင် ၀န်းရံသူဖြစ်သည့် ဒေါ်စိန်ထွေးကိုပါ ငြိမ်းချမ်းစွာ စဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၂၀ များဖြင့် ယနေ့ကျောက်တံတားမြို့နယ်တရားရုံးတွင် တရားစွဲ ဆိုလိုက် ခြင်းလည်းဖြစ်သည်။

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ -DPW မှ ဒေါ်စိန်ထွေးကို ယမန်နှစ်က ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ကျင်းပမှုတွင် ၀န်းရံခဲ့သည့်အတွက် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုအမှုရင်ဆိုင်နေစဉ် ယခုနှစ် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ကျင်းပမှုတွင် ၀န်းရံခဲ့သည့်အတွက် ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် ထပ်မံ တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု သိရသည်။

ကရင်အာဇာနည်နေ့ကျင်းပခဲ့သည့်အတွက် ဦးဆောင်သူ ကရင်လူငယ် စသိန်းဇော်မင်း အပါအ၀င် ၃ ဦး တရား စွဲဆိုခံရမှုကို SYMPATHY PROBONO LAWYERS GROUP မှ ရှေ့နေများက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီးအမှုကို သြဂုတ်လ ၂၇ ရက်နေ့တွင် ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။

ကေအိုင်စီ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here