ကျောက်တော်၊ ကျောက်တလုံးရွာအတွင်း ဝင်‌ရောက်ကာ  ရွာသား ၄ ဦးအား တပ်မတော်စစ်ကြောင်း ဖမ်းဆီးသွားဟုဆို 

0
196

ဓာတ်ပုံ – ကျောက်တလုံးရွာ ရွာဝင်လမ်းအားတွေ့ရစဉ်

၁၇ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာသား(၄)ဦးအား သြဂုတ်လ ၁၄ ရက်တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ကျေးရွာအတွင်းမှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များ ထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၃၅ မှ ၅၀ ကျော်အတွင်းရှိသူကြသည့် ဦးလှလှမောင်၊ သာကြီး၊ အောင်ခင်လှနှင့် သန်းအောင်ကျော်တို့ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ထိုနေ့ မွန်းလွှဲပိုင်း ၁၀ နာရီကျော်အချိန်က ကျောက်တော်ဖက်ရှိ (၃၇၆) တပ်ရင်းမှ တပ်မတော်သား (၃၀) ခန့် ပါဝင်သည့် စစ်ကြောင်းတစ်ခုသည် ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ အဆိုပါရွာသား (၄) ဦးအား ဖမ်းဆီး သွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲမှ ဦးလှလှမောင်၏ဇနီး ဒေါ်လှသန်းက  ပြောသည်။

“ သူတို့(တပ်မတော်)က ရွာထဲကိုဝင်လာပြီး ရွာကစာသင်ကျောင်းမှာ ခဏနားကြပြီးတော့ ရွာထဲကအိမ်တွေကို တစ်အိမ်ပြီးတစ်အိမ်တက်မွှေတယ်။ ပြီးတော့ ကိုယ့်အိမ်မှာကိုယ်နေကြတဲ့ သူတို့လေးယောက်ကို ဖမ်းခေါ် သွားတာ’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖမ်းဆီးသွားသူများအား တပ်မတော်သားများ မှ ယင်းကျေးရွာအနီး ရှိ ရွှေတလှဲကျေးရွာဖက်သို့ ခေါ်ဆောင်သွားသည်ဟု ဒေသခံများ က ပြောဆိုသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ နေ့လယ်ပိုင်း လောက်ကတော့ အဲဒီရွာက ဒေသခံတွေ ကျွန်တော့်ဆီကို ဖုန်းဆက် အကြောင်းကြာလာတယ်။ အစည်းအဝေးမှာ ဖြစ်တဲ့အတွက် ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပေမယ့် ရွာသားလေးဦး ဖမ်းဆီးခံရတာကတော့ သေချာပါတယ်’’ဟု ၎င်းကဆိုသည်။

ကျောက်တလုံးကျေးရွာသားလေးဦးအား တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည့်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ တောပန်စင်းကျေးရွာမှ စံပယ်လှကျေးရွာသို့ ဆေးဝယ်ရန်သွားသူတစ်ဦးအား တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ဖမ်းဆီးခံရသည့် တောပန်စင်းကျေးရွာမှ ဦးအေးမောင်(၅၅ နှစ်)မှာ အေအေအဖွဲ့အတွက် ရိက္ခာနှင့် ပစ္စည်းများပို့ဆောင်ပေးခြင်းနှင့် တပ်မတော်စစ်ကြောင်းများအား မိုင်းခွဲပစ်ခတ်ခြင်းများတွင် ပါဝင်သူဖြစ်ကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် တပ်မတော်ကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ၂ နှစ်ခန့်ကြာမြင့်လာသည့် တိုက်ပွဲကာလ အတွင်း AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဒေသခံများဖမ်းဆီးခံရမှုမှာ တဖြည်းဖြည်းတိုးလာနေသည်။

ခိုင်ရိုးလ (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here