နိုင်ငံတော် အတိုင်ပင်ခံ ၊ အနာဂတ်ပြည်ထောင်စုအိပ်မက်နှင့် ငြိမ်းချမ်းရေး ဇာတ်မျော

0
217

၁၇ သြဂုတ် ၂၀၂၀

“အနာဂတ်ပြည်ထောင်စု အိပ်မက်ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်ကြပါ”။

အထက်ပါပြောစကားကို (၉)ကြိမ်မြောက် JICM အစည်းအဝေးမှာ ပြောဆိုခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းထဲမှ ကောက်နှုတ်ထားခြင်းဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် ရေရှည်သဘောဆောင်သော လုပ်ငန်းစဉ်ဟုလည်း သူမက ညွှန်းဆိုခဲ့ပါသည်။

“ကျွန်မတို့အနေနဲ့ မရရှိနိုင်သေးတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးပမ်းနေရပါတယ်။ ဒီလိုမျိုး ရေရှည်သဘောဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ချိတ်ဆက်စဉ်းစားပြီးတဲ့နောက် ဒီလုပ်ငန်းစဉ်တွေအားလုံး ခြုံငုံအကျုံးဝင်တဲ့ ရှေ့ဆက်သွားရမယ့် အဆင့်လိုက်လုပ်ငန်းစဉ်ကို ကျွန်မတို့ ဖော်ထုတ်ရရှိလာခဲ့ပြီ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မကြာမီရက်ပိုင်းအတွင်း ကျင်းပတော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အပိုင်း (၁)အဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် သဘောတူညီချက် (၁၅)ချက်၊ အပိုင်း(၂)အဖြစ် ၂၀၂၀ အလွန်အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများမှ ဇယား ၁ (၈) ချက်နှင့် ဇယား ၂ ဆက်လက်ညှိနှိုင်းရမည့် နှစ်ဖက်အဆိုပြု ခေါင်းစဉ်ခွဲများ၊ အပိုင်း(၃)အဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူ သဘောတူညီချက် (၅) ချက်တို့ကို ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) အဖြစ် ချုပ်ဆိုမည် ဖြစ်သည်။

“ဒီသဘောတူစာချုပ်ဟာ ကျွန်မတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာအကျပ်အတည်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မယ့်လမ်းကြောင်းတစ်ခုကို ထင်ထင်ရှားရှား ဖော်ပြနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေသည်။

သို့ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးဖြစ်သေးသည့် “ဝ” (UWSA)၊ မိုင်းလား(NDAA)၊ ကချင် (KIA)၊ ကိုးကန့် (MNDAA)၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ တအန်း-ပလောင် (TNLA)တို့ကတော့ အစိုးရ၏ ဖိတ်ကြားမှုကိုရရှိသော်လည်း (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ မတက်ရောက်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC)ဝင်များဖြစ်ကြပြီး အခြားသော FPNCC အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)ကို (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက်ရန် အစိုးရမှ ဖိတ်ကြားခြင်း မရှိခဲ့ပါ။ ထိုအတွက်လည်း FPNCC အနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။

အလားတူ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခံရသည့် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP သည်လည်း ကိုဗစ်ကာလ သွားလာရေးခရီးခက်ခဲမှုကို အကြောင်းပြကာ ညီလာခံမတက်ရောက်ဖြစ်ကြောင်း အစိုးရထံ အကြောင်းပြန်ခဲ့သည်။

တိုက်ပွဲများ၊ တစ်ဆို့မှုများနှင့် ငြိမ်းချမ်းရေး ဇာတ်မျော

လာမည့် ၂၁ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးသည် NCA သတ်မှတ်ပြဌာန်းချက်ပါအတိုင်း သက်ဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အခြေခံဖြစ်တည်လာခြင်းဟုတော့ မဆိုနိုင်ပါ။

အကြောင်းမူ တားမြစ်ချက်အမျိုးမျိုးကြောင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲမှ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် ၎င်းတို့၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ယနေ့အထိ မကျင်းပနိုင်သေးပါ။

တပ်မတော်နှင့် RCSS အကြား မကြခဏဆိုသလို တိုက်ပွဲများဖြစ်ပေါ်ခဲ့သလို ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွင်လည်း ၂၀၁၉ နိုဝင်ဘာလမှ ၂၀၂၀ ဧပြီလအထိ (၆) လအတွင်း အစိုးရတပ်မတော်နှင့် KNU တပ်ဖွဲ့အကြား ထိတွေ့တိုက်ခိုက်မှု အကြိမ် (၄၀)၊ မိုင်းနင်းပေါက်ကွဲမှု (၂၃) ကြိမ်၊ မိုင်းထောင်တိုက်ခိုက်မှု (၃) ကြိမ်၊ လုပ်မိုင်းဖော်ထုတ်မှု (၁၈) ကြိမ် ဖြစ်ပွားခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့သည် ၂၀၀၉ ခုနှစ်က လက်နက်ကိုင် ပဋိပက္ခ အနည်းဆုံး ၆၂၆ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု MIPS ၏ ဇူလိုင်လ အစီရင်ခံစာက ဖော်ပြထားသည်။

(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပပြီးသည့်နောက်ပိုင်း ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခအနည်းဆုံး ၁၀၈၃ ကြိမ် ဖြစ်ပွားခဲ့ရာတွင် တပ်မတော်သားနှင့် တိုင်းရင်းသား လက်နက်ကိုင် EAOs အဖွဲ့ဝင် နှစ်ဖက်ပေါင်း အနည်းဆုံး ၉၃၄ ဦးမှ အများဆုံး ၁၇၁၁ ဦးအထိ အသက်ဆုံးရှုံးမှုရှိနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုရှိ မြို့နယ်ပေါင်း ၅၀ တွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် အရပ်သား အနည်းဆုံး ၁၅၁ ဦး သေဆုံးပြီး ၃၈၄ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ၂ နှစ်ကျော်ခန့် သတ်မှတ်ချိန်အတိုင်း (၂၁) ရာစုပင်လုံအစည်းအဝေးများ ကျင်းပနိုင်ခြင်းမရှိတော့ဘဲ ငြိမ်းချမ်းရေးပျက်လုနီးပါးအထိ တစ်ဆို့မှုများဖြစ်ပေါ်ခဲ့စေသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အကျပ်အတည်းများကို လက်ရှိ NLD အစိုးရ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးကျင်းပခဲ့သည့် (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးနောက်ပိုင်း အစိုးရတပ်မတော် အဆိုပြုလာသော “ခွဲမထွက်ရ” “တစ်ခုတည်းသောတပ်မတော်” နှင့်ပတ်သက်၍ NCA-S EAO တို့ လက်မခံနိုင်ဖြစ်ခဲ့သလို အစိုးရ သတ်မှတ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း ၆ လတစ်ကြိမ် မကျင်းနိုင်သည်အထိ တစ်ဆို့မှုများဖြစ်ပေါ်စေခဲ့သည်။

“အခုညှိနေတဲ့ထဲမှာ “ခွဲမထွက်ရ” ဆိုတာ မပါတော့ဘူး။ တစ်စည်းတစ်လုံးတည်းနေဖို့အတွက် စုပေါင်းဖော်ဆောင်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ပုံစံမျိုး စဉ်းစားတယ်၊’ခွဲမထွက်ရ’ ဆိုတဲ့ စကားလုံးအစား ‘စုပေါင်းဖော်ဆောင်ရန်တာဝန်ရှိသည်’ ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တယ်၊ ပြီးရင်တစ်ဖက်ကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ဟာကို ကိုယ်စားပြုတဲ့အခေါ်အဝေါ်အသုံးအနှုန်း ပြည်ထောင်စုမှာ ဘယ်လိုခေါ်လဲ ပြည်နယ်တွေမှာ ဘယ်လိုခေါ်လဲ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့အခါ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ဆိုင်တဲ့ စကားလုံးအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတော့ ဆက်လက်ဆွေးနွေးရအုံးမှာ ဖြစ်ပါတယ်”ဟု အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားကို (၉) ကြိမ်မြောက် JICM အစည်းအဝေးမှာ ယခုလို ပြောဆိုခဲ့ပါသည်။

“တရားဝင်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ မှာ အတိအလင်းဖော်ပြထားပြီးဖြစ်သည့်အတွက် ရှေ့အဆင့်လိုက်ဆောင်ရွက်သွားရမယ့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ အပါအဝင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆက်လက်ဆွေးနွေးရာတွင်လည်းကောင်း မိမိအဖွဲ့အစည်းအလိုက် လိုလားသည့်၊ ဖြစ်သင့်သည့် ဆန္ဒများကို ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက် အောင်မြင်စွာ ဆွေးနွေးနိုင်ပါစေကြောင်းလည်းပဲ ဆန္ဒပြုအပ် ပါတယ်”။

တိုင်းပြည်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိနေသ၍ တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ထွက်မည်မဟုတ်သလို နိုင်ငံရေးတွင် တပ်မတော်ရှိနေသ၍လည်း စစ်မှန်သော ဒီမိုကရေစီဖြစ်မလာနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင် နိုင်တလညီက သုံးသပ်သည်။ နိုင်ငံရေးအာမခံချက်မရှိဘဲ လက်နက်ဖျက်သိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် စဉ်းစားမည်မဟုတ်သောကြောင့် မြန်မာပြည် ငြိမ်းချမ်းရေးခရီးသည် အလှမ်းဝေးနေဦးမည်ဟု ၎င်းက ယူဆသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပဲလုပ်လုပ် ဘာပဲလုပ်လုပ် အဓိကအရေးကြီးတာက ငြိမ်းချမ်းရေးရဖို့ပဲ။ ငြိမ်းချမ်းရေးရဖို့ဆိုရင် ပါဝင်တဲ့အစုအဖွဲ့တွေက ငြိမ်းချမ်းရေးကို တကယ်လိုချင်တဲ့စိတ်ဆန္ဒတွေ ရှိရင်တော့ ပိုပြီးတော့ ခရီးကရောက်မှာပေါ့။ ဒါပေမယ့် လိုချင်တဲ့စိတ်ဆန္ဒမရှိရင်တော့ ခရီးကဝေးနေမှာပေါ့။ တစ်ခုပြောချင်တာက ငြိမ်းချမ်းရေးကို ပါးစပ်နဲ့ပဲ ပြောရင် ပါးစပ်နဲ့ပဲရမယ် လက်တွေ့လုပ်မှ လက်တွေ့ရမယ် လက်တွေ့မလုပ်ရင်တော့ လက်တွေ့မရဘူး အဓိက ငြိမ်းချမ်းရေးရနိုင်ဖို့က ဖက်ဒရယ်ကို ဘယ်လောက်ချဉ်းကပ်နိုင်မှာလဲ” ဟု နိုင်တလညီက ဆိုသည်။

အခြားတစ်ဖက်တွင်းလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား ၈၀ ရာခိုင်နှုန်းဝန်ကျင် ရှိနေသော မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ FPNCC သည်လည်း NCA လမ်းကြောင်းပြင်ပမှသာ ငြိမ်းချမ်းရေးတည်ဆောက်လိုသည်ဟု တင်းခံထားဆဲဖြစ်သည်။

ထို့ကြောင့် အနှစ် ၇၀ ကျော် တိုင်းရင်းသားများတောင်းဆိုတိုက်ပွဲဝင်နေသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပေါ်ယံပါးစပ်အပြောသက်သက်ဖြင့် တည်ဆောက်၍မရနိုင်သလို NCA လမ်းကြောင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များသည်လည်း မည်သည့်အချိန် မည်သည့်ကာလမှာ မည်သို့အဆုံးသတ်နိုင်မှန်းမသိသော ငြိမ်းချမ်းရေးဇာတ်မျောကြီး ဖြစ်နေပြီလားဆိုသည်က မေးခွန်းထုတ်စရာဖြစ်နေပါတော့သည်။

ဗညားအောင် (MNA) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here