AAကို မဖိတ်သဖြင့် ၂၁ ပင်လုံအစည်းအဝေး တက် မတက် KIO ပြန်ဆွေးနွေးနေ

0
223

၁၂ သြဂုတ် ၂၀၂၀

၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက်အစည်းအဝေးတွင် ရက္ခိုင့်တပ်မတော် (AA)ကို ဖိတ်ကြားမှုမရှိသဖြင့် KIO ကလည်း ပင်လုံအစည်းအဝေးသို့ တက် မတက်ကို ပြန်လည်ဆွေးနွေးနေကြောင်း သိရသည်။

အစိုးရ၏ ဖိတ်ကြားမှုကိုရရှိပြီဖြစ်သော်လည်း ဗဟိုဌာနချူပ်က ဆွေးနွေးနေသည့်အချိန်ဖြစ်သောကြောင့် တိကျတဲ့အဖြေမထုတ်ပြန်နိုင်သေးကြောင်း ဆိုသည်။

“ဖိတ်ကြားစာ လက်ခံရရှိပြီ။ ဗဟိုဌာနချူပ်က ဒါကို လေးလေးနက်နက်စဉ်းစားပြီး ဆွေးနွေးနေတဲ့ချိန်ဖြစ်ပြီးတော့ တိကျတဲ့အဖြေ မထုတ်ပြန်သေးဘူး။ ဗဟိုဌာနချုပ်အစည်းအဝေးဆုံးဖြတ်ချက်ချပြီးမှ ပြောလို့ရမှာဖြစ်တယ်” ဟု KIO ဗဟိုဌာနချုပ်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါသည်။

ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်အနေဖြင့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်ရန်ဆန္ဒရှိသော်လည်း ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသောကြောင့် ယခုလိုပြန်လည် ဆွေးနွေးလာရခြင်းဖြစ်သည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ညီလာခံတက်ရောက်လျှင် နိုင်ငံရေးအရ အကျိုးအမြတ်ထွက်မည်မဟုတ်သော်လည်း KIA နှင့် တပ်မတော် ကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် ယုံကြည်မှုတည်ဆောက်သည့် သဘောလောက်သာ မျှော်လင့်နိုင်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဒူဝါလမိုင်ဂမ်ဂျာ က သုံးသပ်ပြောဆိုခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ယခုလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ သုံးရက်သာ နေပြည်တော်တွင်ပြုလုပ်သွားမည်ဟု သိရသည်။

KNG မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here