တပ်မတော်မှ လာရောက်စခန်းချနေသဖြင့် မြဝတီခရိုင် ထီးဝါပလောရွာ ဒေသခံများစိုးရိမ်နေဟုဆို

0
154

သြဂုတ် ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင် ထီးဝါပလောကျေးရွာဘုန်းကြီးကျောင်းတွင် တပ်မတော်မှ အင်အား ၆၀ ကျော်ဖြင့် လာရောက် စခန်းချနေထိုင်မှုများရှိနေ၍ တိုက်ပွဲများနှင့် မလိုလားအပ်သောအခြားပဋိပက္ခများဖြစ်ပွား မည်ကို ဒေသခံရွာသူ/ရွာသားများမှ စိုးရိမ်လျက်ရှိသည်ဟုသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့ ညနေပိုင်းကတည်းကတပ်မတော် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၁၃) လက်အောက်ခံ (ခမရ) ၅၅၈ မှ စစ်ကားသုံးစီးဖြင့် စစ်သည်အင်အား ၆၀ ကျော်သည် ထီးဝါပလောကျေးရွာ ဘုန်းကြီးကျောင်းတွင် ယနေ့ သြဂုတ် ၇ ရက်နေ့ထိစခန်းချနေထိုင်လျက်ရှိနေသည် ဟုထီးဝါပလောကျေးရွာ အုပ်ချုပ်ရေးမှူးဦးစောဖားခူ့ကပြောသည်။

သူက“ထီးဝါပလောကျေးရွာဘုန်းကြီးကျောင်းမှာတပ်မတော်သား ၆၀ ကျော်ခန့် ဩဂုတ်လ ၄ ရက်နေ့ကတည်းက စခန်းချ လာရောက်နေထိုင်နေကြတယ် ။ ဘာကြောင့် ယခုလိုရောက်လာရတဲ့ အကြောင်းအရင်းကို မသိရတဲ့ အတွက် သို့လော၊ သို့လောဖြင့် စိုးရိမ်နေကြတယ်” ဟုပြောသည်။

၎င်းအပြင် ယခုလိုတပ်မတော်သားအမြောက်အမြားကျေးရွာအတွင်း လာရောက်စခန်းချနေထိုင်မှုမှာအစိုးရနှင့် တိုင်းရင်းသားအဖွဲ့များအကြား အပစ်အခတ်ရပ်စဲပြီးနောက် ပထမဦးဆုံးအကြိမ်တွေ့ရှိ ရခြင်းဖြစ်ပြီးမည်သည့် အကြောင်းအရင်းကြောင့် လာရောက်အခြေချနေထိုင်ရသည်ကိုမသိရသလိုတိုက်ပွဲများနှင့် အခြားပဋိပက္ခများ ဖြစ်လာမည်ကိုရွာသူရွာသားများအတွက် စိုးရိမ်မှုများရှိနေကြသည်ဟုထီးဝါပလောရွာ သူကျန်းမာရေးသားဖွား ဆရာမနော်စေးပို ကလည်းပြောသည်။

မြဝတီမြို့နယ်ရှိထီးဝါပလောရွာသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်- KNLA တပ်မဟာ ၇ ဗျူဟာမှူးလည်းဖြစ်၊ကရင်ပြည်နယ် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ -JMC –S ဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောဖောဒို၏ အခြေချနေထိုင်သည့် ရွာလည်းဖြစ်သည်။

“တပ်မတော်မှ ယခုလိုအင်အားအလုံးအရင်းဖြင့် လာရောက်စခန်းချနေထိုင်မည်ကိုကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNLA တပ်မဟာ ၇ ထံအကြောင်းကြားမှုမရှိ သလိုဘာကြောင့်စခန်းချ နေထိုင်ကြတဲ့ အကြောင်းအရင်းကိုလည်း တပ်မတော်ဘက်ကပြောကြားလာခြင်းမရှိတဲ့ အတွက် ရွာသူရွာသားတွေကို ကျနော်တို့ အနေနဲ့ ပြန်လည်ရှင်းပြဖို့ အခက်အခဲရှိနေတယ်”ဟု KNLA တပ်မဟာ ၇၊ တပ်ရင်း(၁၀၁) ထီးဝါပလော နယ်မြေတာဝန်ခံဗိုလ်မိုရှေးကပြောသည်။

ယခုတပ်မတော်မှ ကျေးရွာတွင်းလာရောက်စခန်းချ နေထိုင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်မတော် တာဝန်ရှိသူများကိုဆက်သွယ်မေးမြန်း၍ မရရှိပေ။

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားလက်မှတ်ရေးထိုးချုပ်ဆိုခဲ့သောတစ်နိုင်ငံလုံးပစ်တ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)၏ နှစ်ဖက်လိုက်ရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စစ်ဘက်ကျင့်ဝတ်များ၏ အပိုဒ် ၈ အပိုဒ်ခွဲ (င)အရဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ပရဝဏ်များအတွင်းနှင့် ယဉ်ကျေးမှုရိုးရာဓလေ့ ဆိုင်ရာနေရာ၊ လူထုနှင့်ပတ်သက် သော နေရာများတွင် စစ်ရေးဆိုင်ရာတပ်စခန်းချခြင်းမပြုလုပ်ရန်ဖော်ပြထားသည်။

ထို့အပြင် ယင်းအခန်း(၃) ထိပ်တိုက်ရင်ဆိုင်ရာမှုကိုရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်း၏ အပိုဒ် ၉၊ အပိုဒ်ခွဲ (က)တွင် နှစ်ဖက်တိုက်ရိုက်ထိတွေ့ရင်ဆိုင်မှုရှိသောနေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေး အတွက် စက်ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှု နည်းလမ်းများရယူလျက် ချက်ချင်း ဆောင်ရွက်ရန်နှင့် အပိုဒ်ခွဲ (ခ)တွင်လည်းလက်နက်ကိုင်အဖွဲ့များနေရာချထားရေးသတ်မှတ်ရာတွင် ထိပ်တိုက်ထိ တွေ့ရင်ဆိုင်မှု မဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန် ဖော်ပြပါရှိသည်။

မြဝတီခရိုင် ထီးဝါပလောကျေးရွာတွင် အိမ်ထောင်စု ၃၈၂ စုရှိကာလူဦးရေ ၁,၉၇၃ဦးနှင့် ရွာနီးချင်းစပ် ထီးလော့သေရွာတွင် အိမ်ထောင်စု ၃၇၂ စုရှိပြီးလူဦးရေ ၁,၁၀၃ ဦးနေထိုင်လျက်ရှိသည်။ ထိုဒေသတွင် KNLA တပ်မဟာ ၇ တပ်ရင်း(၁၀၁) စစ်ရေးနယ်မြေဖြစ်သည့်အပြင် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC တပ်ရင်း(၇၇၅)နှင့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း ၁၀၁၇ တို့ကစခန်းချနေထိုင်လျက်ရှိကြောင်းသိရသည်။

ကေအိုင်စီ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here