အမ်းမြို့နယ်တွင် ချင်းအမျိူးသမီးတစ်ဦး မြေမြုပ်မိုင်း နင်းမိ၊ သေဆုံး

0
187

Photo – RRCCI

၅ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇုကိုင်းကျေးရွာတွင် နေထိုင်သော အသက် (၁၇) နှစ်အရွယ် ချင်းအမျိူးသမီး မဝတုန်သည် သြဂုတ်လ (၃) ရက်နေ့က မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါအမျိူးသမီးသည် စိတ်မကျန်းမာသူဟုသိရပြီး တောထဲသို့ မျှစ်ခူးသွားစဉ် မိုင်းနင်းမိ၍ ခြေထောက်ပြတ်ကာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခရီးတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကောင်မတီ (RRCCI) မှ မိုင်နန်းဝေကပြောသည်။

“သူက စိတ်ဝေသနာရှင်အမျိုးသမီးလို့သိရတယ် မနေ့ကပေါ့ မြေမြုပ်မိုင်းထိပြီးတော့ ပွဲချင်းတော့မဟုတ်ဘူး ဆေးရုံပို့ဆောင်စဉ် လမ်းခုလတ်မှာ ဆုံးသွားတာလို့သိရတယ်’’ ဟု မိုင်နန်းဝေကပြောသည်။

အမ်းမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် မြို့နယ်တစ်ခုဖြစ်ပြီး မြေမြုပ်မိုင်းကြောင့် အရပ်သားသေဆုံးမှု မကြာခဏဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်နေ့ကလည်း ကဇုကိုင်းကျေးရွာအုပ်စု ဂျိတ်ချောင် ကျေးရွာတွင်နေထိုင်သော အသက် (၆၀) အရွယ် ဦးမောင်တင်နှင့် အသက် (၂၈) အရွယ် ကိုဆူပါချေတို့သည် မြေမြုပ်မိုင်းနင်းမိကာ သေဆုံးခဲ့ကြပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

အမ်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ မှ သြဂုတ်လ ၃ ရက်အထိ တစ်ပတ်အတွင်း မြေမြုပ်မိုင်းကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ခိုနူမ်းသုန် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here