အသတ်ခံရသည့် ကျောင်းသားနှစ်ဦးအတွက် နစ်နာကြေးဖြစ် ကျပ်သိန်း ၄၀၀ KIO/KIA ပေးအပ်

0
214

၂၇ ဇူလိုင် ၂၀၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက အသတ်ခံခဲ့ရသည့် ရှမ်းနီ ကျောင်းသားနှစ်ဦးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က တစ်ဦးလျှင် ငွေကျပ် သိန်း၂၀၀ စီအဖြစ် နစ်နာကြေးပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့က အသတ်ခံရသူ နှစ်ဦး၏ မိဘများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်အချို့နှင့် KIO မှ တာဝန်ရှိသူများ တွေ့ဆုံပြီး နစ်နာကြေး ပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု သွားရောက်ညှိနှိုင်း ရာတွင် ပါဝင်ခဲ့သူ မိသားစုဝင် တစ်ဦးက ပြောသည်။

“ကျနော်တို့ သွားဆွေးနွေးကြတာ။ မိဘတွေရယ်၊ ရပ်မိရပ်ဖတွေလည်းပါတယ်။ ဘာသာရေးဘက်ကလည်း ပါတယ်။ ကျနော်တို့ကို သူတို့ မှားသွားတဲ့အကြောင်းလည်း ပြောတယ်။ ဘာသာရေးခေါင်းဆောင်တွေက ကြားဝင်ပြီး ဆွေးနွေးပေးတာပေါ့ဗျာနော်။ ကျနော်တို့ တစ်ယောက်ကို သိန်းနှစ်ရာပေါ့။ ဆိုတော့ သိန်းလေး ရာပေါ့။”

အဆိုပါ မိသားစုဝင် က “သူတို့ဘက်ကတော့ သူတို့မှားကြောင်းဝန်ခံတယ်။ တခြားတော့ ကျနော်တို့ ဆက်လုပ် စရာ ဘာမှတော့ မရှိ တော့ဘူး။ အစကတော့ အလောင်းယူမယ်ပေါ့။ အခုထိ သူတို့ အလောင်းကို ဘယ်မှာ မြုပ်ထားလဲ ဘာလဲဆိုတာတော့ မသိဘူး။ အခုထိတော့ အလောင်းက မရသေးပါဘူး။ ကျနော်တို့လည်း ပြန် စဉ်းစားနေတယ် ကြာလည်း ကြာနေပြီ ဆိုတော့ ကလေးတွေအလောင်းက ရုပ်ပျက်နေလောက်ပြီနော်။ အဲ့လို လည်း စဉ်းစားတယ်။ အတင်းကြီးလည်း ပြန်လည်းမတောင်းချင်တော့ဘူး။ ရုပ်ပျက်ဆင်းပျက်ဆိုလည်း ကိုယ် လည်း မမြင်ရက်ဘူး။ မြင်မကောင်းဘူး ပေါ့နော်” ဟု ဆက်ပြောသည်။

ဟုမ္မလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာအုပ်စု၊ ပါဟုတ်ကြီးကျေးရွာနေ မောင်သန့်ဇင်အောင် အသက်(၁၈) နှစ် နှင့် မောင်ဇော်မျိုးဦး အသက် (၁၇) နှစ်တို့အား ဇူလိုင်လ ၆ ရက်နေ့က ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ အုပ်စု ဆယ်ဇင်းကျေးရွာတွင် KIO/KIA က ဖမ်းဆီးသွားခဲ့ပြီးနောက် ယခုကဲ့သို အသတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ရှမ်းနီကျောင်းသား နှစ်ဦး အသတ်ခံရသည့်ကိစ္စ နှင့် ပတ်သက်၍ KIO အနေဖြင့် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူပေးရန်နှင့် ပွင့်လင်းမြင်သာစွာ ချပြရန် ရှမ်းနီပါတီများ၊ ရှမ်းနီလူငယ် အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ ဦးဌေးအောင် က “ကျနော့်အမြင် က တော့ လက်နက်ကိုင်တယ်ဆိုတာ တပ်မတော်ပဲကိုင်ကိုင်၊ KIA က ပဲ တော်လှန်ရေးပဲလုပ်လုပ် ပြည်သူလူထုကို ကာကွယ်ဖို့ဖြစ်ပါတယ်။ အခုက ကျနော်တို့ကို သူတို့ကသတ်လိုက်၊ ကျနော်တို့က သေလိုက် ရှမ်းနီတော်တော် များများ အသက်ပေးခဲ့ကြရပြီးပြီ။ အခုတော့ သူတို့အနေနဲ့ လူမှုစာနာမှုလေးတွေ ပေးတာကိုတော့ ကျနော်တို့က လက်ခံ ရမှာပေါ့” ဟု ပြောသည်။

သို့သော်လည်း ယခုကဲ့သို့ လူသတ်မှု ကျူးလွန်ခဲ့သူများအား KIO အနေဖြင့် ထိရောက်စွာ အရေးယူပေးရန်နှင့် အသတ်ခံခဲ့ရသူတို့၏ မိဘများ၊ ပြည်သူများ၏ ရှေ့တွင် အမှန်တကယ် အရေးယူပေးရန် လိုအပ်သည်ဟု ဦးဌေးအောင် က ဆက်ပြောသည်။

“နောက်ပြီး သူတို့ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ အဖွဲ့အစည်းဆိုတာက အထက်နဲ့အောက်က အမိန့်နာခံမှု ရှိရ မှာပေါ့နော်။ နောက်ထပ်ဒါမျိုးတွေ နောင်ကို မဖြစ်ဖို့အတွက် အောက်ခြေအဆင့်ဆင့်ကို ညွှန်ကြားဖို့လိုပါတယ်။ အခုဖြစ်သွားတဲ့ ၆ ယောက်အပေါ်လည်း ပွင့်လင်းမြင်သာစွာ တရားစီရင်ဖို့လိုတယ်။ ငါတို့အနေနဲ့ လက်နက်မဲ့တဲ့ ပြည်သူတွေကို ဒီလိုလုပ်လိုက်တဲ့အတွက် ဒီလူတွေကို ဘယ်လိုမျိုးတရားစီရင်တယ်ဆိုတာမျိုး ပြည်သူတွေရှေ့ မှာ တရားစီရင်စေချင်တာပေါ့။ ဒါက လူသတ်မှုဖြစ်တယ်လေနော်။ လက်နက်မဲ့တဲ့ပြည်သူကို သတ်တာဆိုတော့ သူတိုကျေနပ်တဲ့အထိ တရားစီရင်မှု လုပ်ဖို့လိုတယ်လေနော်။ ကျူးလွန်သူ ၆ ယောက်ကို ဘယ်လို ပြစ်ဒဏ်မျိုး ချမလဲ ဘယ်လိုအရေးယူမလဲဆိုတာပဲ အားလုံးက စိတ်ဝင်စားနေကြတယ်။ စောင့်ကြည့်နေတယ်။ ပေါ့ပေါ့ တန် တန် အရေးယူတာမျိုးဆိုရင်တော့ ပြောစရာရှိရင် ဆက်ပြောရမှာလေ။”

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)နှင့် ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းများ၊ ရှမ်းနီ လူငယ်များက KIO/KIA ၏ အရေးယူဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို စောင့်ကြည့်သွားမည် ဟုလည်း သိရသည်။

ထို့အပြင် ရှမ်းနီတိုင်းရင်းသားများအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို KIO/KIA တာဝန် ရှိသူများ အနေဖြင့် ထိရောက်စွာ တာဝန်ယူဖြေရှင်းပေးရန်နှင့် အစိုးရ၊ တပ်မတော်တို့ ကလည်း ဒေသခံ ပြည် သူများ အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးရန် ရှမ်နီး ပါတီများ၊ ရှမ်းနီလူငယ်အဖွဲ့များက တောင်းဆိုထားကြသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here