ဖမ်းဆီးခံ ကျောင်းသား ၂ ဦး သေဆုံးသွားကြောင်း KIO/KIA အတည်ပြု

0
194

၂၄ ဇူလိုင် ၂၀၂၀

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာရှိ ကျောင်းသား ၂ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေဆုံးသွားသည့်အတွက် အဆိုပါအမှုကို ညှိနှိုင်းရန်လာရောက်ကမ်းလှမ်းထားကြောင်း သေဆုံးသူ ကျောင်းသား ၂ဦး၏ မိဘများထံမှ သိရသည်။

အဆိုပါအမှုကို ဇူလိုင်လ ၂၄ရက်နေ့တွင် ညှိနှိုင်းရန် ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်လာရောက်ကမ်းလှမ်းထားကြောင်း သေဆုံးသွားသည့် ကျောင်းသား ၂ဦးအနက် မောင်သန့်ဇင်အောင်၏ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်ခင်က ကချင်သတင်းဌာန KNG ကို ပြောသည်။

“ကျမတို့ကလေးက အသက်မရှိတော့ဘူးဆိုတာကို မနေ့ကမှ သိရတာပါ။ အဲကြောင့် သေသွားရင်လည်း ကျမတို့ကလေးရှိတဲ့နေရာကို ဘာကြီးဘဲမြင်ရ မြင်ရ အဝတ်စားဘဲမြင်ရ မြင်ရ သေပြီးတဲ့အလောင်းဘဲမြင်ရ အဲဒီဟာကို တောင်းဆိုချင်ပါတယ်။ သူတို့ဘက်ကတော့ မနက်ဖြန်ကို ကျမတို့နဲ့သူတို့နဲ့တွေ့ပြီးတော့မှ မေးမယ်လို့ပြောပါတယ်။ ကလေးတွေဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကလေးရဲ့မိဘတွေနဲ့တွေ့ဆုံပြီးတော့မှ ဘယ်လိုကျေနပ်နိုင်မယ် သူတို့ဘက်ကနေ လုပ်ပေးပါ့မယ် အဲလိုမျိုးပြောခဲ့တယ်” ဟု သေဆုံးသွားသည့် ကျောင်းသား သန့်ဇင်အောင်၏ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်ခင်က ဆိုသည်။

သေဆုံးသွားသူ ၂ ဦးမှာ မောင်သန့်ဇင်အောင် အသက် ၁၈နှစ် မုံရွာတက္ကသိုလ် ပထမနှစ် အင်္ဂလိပ်စာ ဘာသာရပ်အထူးပြုကျောင်းသားဖြစ်ပြီး၊ မောင်ဇော်မျိုးဦး အသက် ၁၇နှစ်တို့ နဝမတန်း ဖြစ်ကာ ရှမ်းနီတိုင်းရင်းသားများဖြစ်ကြသည်။

နောက်ဆုံးအခြေအနေအရ ကျောင်းသား ၂ဦး သေဆုံးသွားသည်မှာ မှန်ကန်ကြောင်းနှင့် သေဆုံးသွားရသည့် ဖြစ်စဉ်ကိုလည်း အသေးစိတ်စစ်ဆေးမေးမြန်းနေသေးကြောင်းနှင့် ယခုဖြစ်စဉ်သည် ကချင်နှင့်ရှမ်းတို့၏ လူမျိုးရေးပဋိပက္ခမဟုတ်ကြောင်း KIO ဗဟိုဌာနချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီနော်ဘူက ကချင်သတင်းဌာန KNG ကို ပြောသည်။

“စစ်ဆေးချက်အရတော့ သူတို့ကတာဝန်ချိန် အလုပ်ချိန်မှာမဟုတ်ဘဲနဲ့ သူတို့ဖာသာ စားသောက်ပြီး ဖြစ်လာတဲ့ ပြသာနာလို့ သိရတယ်။ အမှုဖြစ်စဉ်အသေးစိတ်ကို သိဖို့အတွက် စစ်ဆေးနေတုန်းပါဘဲ။ ကျောင်းသား ၂ယောက်ဆုံးသွားပြီဆိုတာ မှန်ပါတယ်။ ဒီကိစ္စက ပြောရမယ်ဆိုရင် ခုကိစ္စက ရှမ်းနဲ့ကချင်လူမျိုးကြားက လူမျိုးရေးပြသာနာမဟုတ်ပါဘူး။ ဒါပေမယ့်ကျနော်တို့ဘက်က အဆင်ပြေအောင်ဆောင်ရွက်ပေးဖို့လုပ်နေပါတယ်” ဟု လူမျိုးရေးပဠိပက္ခမဟုတ်ကြောင်း KIO ဘက်မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီနော်ဘူက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျားနီပါတီ(TNDP) ရှမ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ေရးပါတီမှလည်း ဇူလိုင်လ ၂၃ရက်နေ့ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ခဲ့သည်။

ထုတ်ပြန်ချက်၌ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် မြန်မာ့တပ်မတော်မှ ဗိုလ်ကြီးညီညီအောင် ရှိနေသော်လည်း တစ်စုံတစ်ရာ ဝင်ရောက်ဖြေရှင်းခြင်းမရှိသည့်အတွက် ရှုံ့ချကြောင်းနှင့် ၎င်းကိစ္စအား KIO/KIA အနေနှင့်တာဝန်ယူဖြေရှင်းပေးသင့်ေကြာင်း သဘောထားထုတ်ပြန်ထားသည်။

“ကျနော်တို့အနေနဲ့လည်း ဒါကလူမျိုးရေးကိစ္စတော့ မဟုတ်ပါဘူး။ ကျနော်တို့လည်းကချင်တွေကို မမုန်းပါဘူး။ ဒါကြောင့်မို့ ဒီကိစ္စက ညှိညှိနှိုင်းနိူင်းပြေလည်သွားရင်တော့ ကောင်းတာပေါ့။ ကြားထဲမှာတော့ အားကြီးသူနဲ့အားငယ်သူမှာ တစ်ဖက်စောင်းနင်းဖြစ်လာရင်တော့ ဘယ်အလုပ်မှအဆင်မပြေပါဘူး။ ဘယ်အလုပ်မှ မကောင်းဘူးလို့ပြောချင်ပါတယ်။” ကျားနီပါတီ(TNDP) ဥက္ကဌ ဦးဇင်မောင်လွင်က ပြောသည်။

ယခုဖြစ်စဉ်သည် ဇူလိုင်လ ၆ရက်နေ့ ည ၈ နာရီခန့်တွင် မိုညှင်းခရိုင်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာတွင် KIA တပ်ရင်း ၂၆ မှ မြို့နယ်မှူးအဆင့်ရှိသူတစ်ဦးနှင့် ၎င်း၏အပေါင်းအပါ ၈ဦးအပါအဝင် မြန်မာ့တပ်မတော်မှ ဗိုလ်ကြီးညီညီအောင်တို့သည် ချိုရီတာ စားသောက်ဆိုင်သို့ အဝင်ရောက်လာပြီး စားသောက်ပြီးနောက် အိမ်ပြန်ရင် ပြင်နေသည့် ဦးဝင်းနိုင်အား အိမ်ပြန်ပို့မည်ဟုဆိုကာ KIA တပ်ရင်း ၂၆ မှ မြို့နယ်မှူးအဆင့်ရှိသူတစ်ဦး ဦးခေါင်လွမ်းသည် အကြောင်းမရှိဘဲ ရိုက်နက်ခဲ့သည်။

ထို့နောက် စားသောက်ဆိုင်ရှေ့တွင် ထွက်လာပြီး ဆိုင်ကယ်မောင်းနှင်လာသည့် ကျောင်းသားများနှင့်ထပ်မံရန်ဖြစ်ခဲ့ရာ ကျောင်းသား ၄ဦးအနက် ၂ဦးထွက်ပြေးတိမ်းရှောင်သွားပြီး ကျန် ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးကဆိုသည်။

KNG မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here