နော်မူနော် ပစ်သတ်ခံရမှု တရားမျှတမှုရရှိရေး ကရင်အဖွဲ့အစည်းများ ဝိုင်းဝန်းရန် တိုက်တွန်း

0
181

ဇူလိုင်လ ၂၁ရက်၊ ၂၀၂၀ပြည့်နှစ်။

တပ်မတော်သား နှစ်ဦး၏ ပစ်သတ်ခြင်းခံခဲ့ရသည့် မူတရော်(ဖာပွန်)ဒေသခံ အမျိုးသမီး နော်မူနော် သေဆုံးမှု တရားမျှတမှုရရှိရေးအတွက် ကရင်လက်နက်ကိုင်အဖွဲ့စည်းများအပါအဝင် သက်ဆိုင်ရာ ကရင်အဖွဲ့အစည်းများ အားလုံးဝိုင်းဝန်ပါဝင် ဖိအားပေးရန်လိုအပ်ကြောင်း KNU Concerned Group က သဘော ထားထုတ်ပြန် တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ရက်နေ့က ဖာပွန်ခရိုင်၊ ဒွယ်လိုမြို့နယ်၊ ပိုလိုးထာ ကျေးရွာနေ အသက် (၄၀)နှစ် အရွယ် နော်မူနော်ဆိုသူ အမျိုးသမီးကို တပ်မတော်သားနှစ်းဦးမှ ပစ်သတ်ခဲ့ပြီး လက်ဝတ်ရတနာများကို ချွတ်ယူသွားခဲ့မှု အပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း အဆိုပါ အဖွဲ့က ဆိုသည်။

အဖွဲ့၏ ပြောခွင့်ရ ပဒိုနော်စီဖိုးရာစိန် က “ကရင်အမျိုးသားတွေရဲ့ လုံခြုံရေးအတွက် အကာအကွယ်ပေးနေပါ တယ်ဆိုတဲ့ KNU အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ကရင်နိုင်ငံရေးပါတီတွေ အရပ်ဖက်အဖွဲ့ အစည်းတွေကော ကရင်ပြည်သူတစ်ရပ်လုံးအနေနဲ့က ဒီဖြစ်စဉ်အပေါ်မှာ အမှန်တရားပေါ်ပေါက်လာဖို့ နဲ့ ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်ဖို့က အတူတကွ ပူးပေါင်းဝိုင်းဝန်ဖို့လိုတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တိုင်းရင်းသား ဒေသများ၌ မြန်မာ့တပ်မတော်၏ အလားတူ ရာဇဝတ်မှု ကျူးလွန်မှုများသည် စစ်ရေး လက်နက် သဖွယ် နှစ်ပေါင်းကြာရှည်စွာ ကျင့်သုံး ကျူးလွန်လာခဲ့ရာ ပြည်တွင်းတရားစီရင်မှုစနစ်ဖြင့် အရေးယူခြင်းသည် ထိရောက်မှုမရှိနိုင်ကြောင်းလည်း ယင်းအဖွဲ့က ဆိုသည်။

“ကျမတို့အနေနဲ့ Amnesty International (AI) နဲ့ Human Right Watch တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ဒီကိစ္စတွေကို လာရောက်စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုတာပေါ့။ ဘာဖြစ်လဲဆိုတော့ ပြည်တွင်းက အစိုးရ အနေနဲ့က ဒီကိစ္စတွေအတွက် တရားမျှတမှုရရှိဖို့ လုပ်နိုင်စွမ်းမရှိဘူးဆိုတာ ကျမတို့ အရင်ကဖြစ်စဉ်တွေမှာ သိမြင်ခဲ့ပြီးဖြစ်တယ်။ သူတို့ ကော်မတီဖွဲ့စုံစမ်းတာတွေ အရေးယူတာတွေက တရားမျှတမှုမရှိဘူး။” ဟု ပဒို နော်စီဖိုးရာစိန် က ဆက်ပြောသည်။

မြန်မာ့တပ်မတော်၏ မတရားညှင်းပန်းနှိပ်စက်မှုများ အကြောင်းမဲ့ သတ်ဖြတ်ခြင်းများ အဓမ္မပြုကျင့်မှုများအပြင် ပြည်သူလူထုများ၏ ပစ္စည်းဥစ္စာများကို အတင်းအဓမ္မ ရယူခြင်းများ ရပ်တန့် သွားနိုင်ရေး နှင့် ထိရောက် စွာ အရေးယူ တားဆီးဟန့်နိုင်နိုင်ရေးအတွက် Amnesty International (AI) နှင့် Human Right Watch ကဲ့သို့ သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ဝင်ရောက်စုံစမ်းရန် KNU Concerned Group၏ ယနေ့ ထုတ်ပြန်ချက် ၌ တောင်းဆိုထားခြင်းဖြစ်သည်။

ဇူလိုင်လ ၁၆ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်သတ်မှုနှင့် ပစ္စည်းလုယူထွက်ပြေးမှုကို ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ခိုးသွီးထာ (လှဂွန်းပျို) ကျေးရွာအခြေစိုက်စခန်း အမှတ်(၈) စစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက် ခံတပ်၊ ခြေမြန်တပ်ရင်း ခမရ(၄၀၉) မှ သန်းမိုးလွင်နှင့် အေးမင်းသူ ဆိုသည့် တပ်သား နှစ်ဦးမှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅)ဘက်ဆိုထားပြီး ၎င်းဖြစ်စဉ် အပေါ် စုံစမ်ဖော်ထုတ် အရေးယူရန် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ကိုပါ ဇူလိုင်လ ၁၈ရက်နေ့က KNU တပ်မဟာ (၅)ဘက်မှ တိုင်ကြားစာ ပေးပို့ထားသည်။

ကရင်လူငယ်ကွန်ရက်(KYN) မှ နော်အယ်ဖောဝါးက “အရပ်သားအမျိုးသမီးတွေကိစ္စအပေါ် အမျိုး သမီးတစ်ဦး လည်း ဖြစ်နေတဲ့ ကျမတို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်အနေနဲ့လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးဖို့ ကျမတို့ အရပ်ဖက်အဖွဲ့တွေ တိုက်တွန်းသွားပါမယ်” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ တပ်မတော်ဘက်မှ ကေအိုင်စီ၏ ဆက်သွယ် မေးမြန်းမှုအပေါ် လက်ခံ ဖြေကြားခြင်း မရှိ သလို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း အဆိုပါ ဖြစ်စဉ်အပေါ် ယနေ့အချိန်ထိ တစ်စုံတစ်ရာ သတင်း ထုတ်ပြန် ထားခြင်း မရှိကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ရသည်။

အပစ်သတ်ခံခဲ့ရသူ နော်မှုနော်သည် မျက်နှာ၊ ပါးစပ်နှင့် ရင်ဘတ်တို့တွင် (၃)ချက် အပစ်ခံလိုက်ရခြင်းဖြစ်ပြီး ၎င်းသေဆုံးချိန်တွင် သမီးဖြစ်သူ အသက်(၁၈)နှစ်အရွယ် နော်နီလာဦး၊ သားဖြစ်သူ အသက် (၁၅)နှစ်အရွယ် စောဂျွန်ဂို၊အသက် (၁၂)နှစ်အရွယ် စောဟိန်းဝေယံတို့ နှင့် သူမ၏ အမျိုးသားဖြစ်သူ စောပုအေးတို့ ကျန်ရစ်ကြောင်း သိရသည်။

KNU Concerned Group သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် ယခင်ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ ဟောင်း ပဒိုနော်စီဖိုး ရာစိန် ဦးဆောင်ဖွဲ့စည်း၍ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက်များ၊ ရပ်တည်ချက်များကို အလျင်းသင့်သလို သဘောထား ထုတ်ပြန်မှုများပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

စအိုင်ဆူး(ကေအိုင်စီ)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here