တိုက်ပွဲကြောင့် ရသေ့တောင် ကျောက်တန်းရွာ ဒေသခံသုံးဦးဒဏ်ရာရ

0
290

၁၇ ဇူလိုင် ၂၀၂၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီး ဇူလိုင်လ ၁၆ ရက် နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကျေးရွာသားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

နေ့လည် (၁)နာရီအချိန်ခန့်က တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအနီးတွင် လယ်ထွန်နေသည့် လယ်သမားသုံးဦးမှာ လက်နက်ကြီးကျည်စများ ထိမှန် သွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းရွှေက DMG သို့ပြောသည်။

“ရွာကလယ်သမားတွေက တိုက်ပွဲဖြစ်ရင်ပုန်းနေတယ်။ တိုက်ပွဲမဖြစ်တဲ့အချိန်ဆိုရင် လယ်ထွက်ပြီး ထွန်တယ်။ ဒီလိုပဲလုပ်ကိုင်နေကြရတာ။ ဒီနေ့တော့ လေယာဉ်နဲ့လာပစ်တော့ လယ်ထွန်နေတဲ့သူတွေကို သွားထိတာ ” ဟု ၎င်းကဆိုသည်။

ယင်းသို့ပစ်ခတ်မှုများကြောင့် လယ်ယာထွန်ယက်နေသည့် ဦးမောင်ခင်လှ၊ ဦးဦးကျော်သန်းနှင့် ဦးမောင်လှ တို့တွင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများထဲမှနှစ်ဦးမှာ ရသေ့တောင်မြို့နယ်၊ လမုန်းတိုင်ကျေးရွာ၌ ဆေးကုသမှုခံနေပြီး ဒူးဆစ်၌ ဒဏ်ရာရရှိသွားသည့် လူနာမှာ လမ်းမလျှောက်နိုင်သဖြင့် ရွာ၌ကျန်နေသေးကြောင်း ဦးအောင်သောင်းရွှေက ဆိုသည်။

“ လက်နက်ကြီးတွေနဲ့ ပစ်နေတော့ လောလောဆယ် မသွားရဲသေးဘူး။
တိုက်ပွဲပြီးလို့ ပစ်ခတ်သံတွေ ရပ်သွားမှ သွားယူမယ်လို့ စီစဉ်ထားတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ကျောက်တန်းကျေးရွာအနီးတစ်ဝိုက်အား ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ခဲ့သဖြင့် ဒေသခံအပြားမှာ ရသေ့တောင်မြို့ပေါ်နှင့် စစ်တွေမြို့သို့ တိမ်းရှောင်နေကြသည်။
သို့သော် လယ်သမားတစ်ချို့မှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ကျန်ရှိနေခဲ့ကြသည်။

ကျောက်တန်း၊ အောင်သာစည်နှင့် ထီးစွဲကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး ဒေသခံသုံးဦး ဒဏ်ရာရရှိကာ လက်နက်ကြီးပတ်ခတ်သံများကိုလည်းကြားနေရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်း၊ ထီးစွဲ၊ အောင်သာစည်ကျေးရွာအနီးတဝိုက်တွင် အခြေပြုနေသော AA အဖွဲ့အား အကြမ်းဖက်နှိမ်နှင်းမှု စစ်ဆင်ရေး စတင်ပြုလုပ်နေကြောင်း ဇူလိုင် ၁၆ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

AA အနေဖြင့် ယင်းအနီးတဝိုက်တွင် ကျေးရွာသားများကို လူသားတံတိုင်းအဖြစ်အသုံးနေခြင်း၊ ရသေ့တောင်၊ ကျောက်တန်း၊ ဖုန်ညိုလိပ်နှင့် ဘူးသီးတောင်မြို့နယ်သို့ ဆက်သွယ်ထားသော လမ်းကြောင်းများကို AA က ပိတ်ဆို့ထားသည့်အတွက် လမ်းကြောင်းပွင့်စေရန်နှင့် ရွာသူရွာသားများကို ကယ်တင်ရန် အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး (Counter Terrorism Operation) ပြုလုပ်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရက္ခိုင့်တပ်တော် AA ဘက်ကလည်း ကျောက်တန်းကျေးရွာအနီးတဝိုက်အား လက်နက်ကြီးအမြောက်မြား၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများနှင့် အတူ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်ပြုလုပ်နေကြောင်း မနေ့က ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပွားရာနေရာဘက်သို့ ရသေ့တောင်မြို့ပေါ်ရှိ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်မတော်တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေကြောင်းလည်း ရသေ့တောင်မြို့ခံများထံမှ သိရသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့်အတွက် ကျေးရွာအတွင်း လယ်လုပ်ရန်ကျန်ရှိနေသူ တစ်ချို့မှာလည်း ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်း သိရသည်။
DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here