ရှမ်း/မြောက် ကျောက်မဲမြို့နယ်အတွင်း အရပ်သားများ နှိပ်စက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ထုတ်ပြန်

0
265

၁၃ ဇူလိုင် ၂၀၂၀

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် တည်ဆောက်မည့် အထက်ရဲရွာရေကာတာ စီမံကိန်းအနီး တပ်မတော်နှင့် အပစ်ရပ် RCSS/SSA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ အရပ်သားများ မတရားသတ်ဖြတ် ညှင်းပန်းနှိပ်စက်မှုများကို ကျူးလွန်ခံနေရသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ပြော သည်။

အဆိုပါ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်၊ ပန်ကျန်ကျေးရွာက ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အမျိုးသားတစ်ဦးအားလည်း တပ်မတော်က ရိုက်နှက်ခဲ့ဟု ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြောသည်။ ဒေသခံပြည်သူ ၆၀၀ နီးပါးလည်း နေရပ်စွန့်ခွာခဲ့ကြရသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) အဖွဲ့က စိုင်းရွက်လွင် က “ရှမ်းမြောက်ဆိုရင် ဒီလက်နက်ကိုင် တိုင်းရင်း သားအဖွဲ့တွေကလည်း လေး ငါး ဖွဲ့ ရှိတာပေါ့နော်။ ဆိုတော့ စီမံကိန်းကလည်း ဒီပဋိပက္ခဇုန်ထဲမှာဆိုတော့လေ အဲ့ဒါနဲ့ တိုက်ပွဲတွေဖြစ်တော့ ဒီဒေသခံတွေပဲ ခံနေရတာပေါ့။ ပြေးရတာနဲ့ ရှောင်ရတာနဲ့ ပြီးတော့ ဒီကာလမှာ ဆိုရင် COVID-19 ကာလဆိုတော့ အခက်အခဲက ပိုကြုံရတယ်။ အလုပ်အကိုင်က လယ်ယာပဲ ရှိတယ်ဆိုတော့ အခုလိုမျိုးပြေးနေရတာဆိုတော့ ပြည်သူတွေက အဖက်ဖက်က နစ်နာတယ်။ အဓိကတော့ အစိုးရဘက်ကို တောင်းဆိုချင်တယ်။ ပြဿနာဖြစ်တိုင်းလည်း ရွာသားတွေပဲ ခံနေရတယ်ဆိုတော့လေ။ နောက်ထပ်မဖြစ်ဖို့နဲ့ အသတ်ခံလိုက်ရတဲ့ ရွာသားတွေအတွက် တရားမျှတရေးအတွက် တောင်းဆိုချင်တယ်” ဟု ပြောသည်။

“အစိုးရစစ်တပ်၏ လူသားမဆန် ရက်စက်ကြမ်းကြုတ်လုပ်ရပ်များ၊ ညှင်းပန်းနှိပ်စက်မှုများကို ရှမ်းလူ့အခွင့် အ ရေး မဏ္ဍိုင်က ပြင်းထန်စွာ ရှုတ်ချပါသည်” ဟု ဇူလိုင်လ ၉ ရက်နေ့ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက် ထဲတွင် ရေးသားထားသည်။

ဇွန်လ နောက်ဆုံးအပတ်က ဖြစ်ပွားခဲ့သည့် အထက်ရဲရွာ မြစ်ငယ်မြစ်(နမ္မတူမြစ်) ရေကာတာဆောက်လုပ်ရေး စီမံကိန်း၏ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာခန့်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SS) တို့အကြားက ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ဒီစစ်ရေးတင်းမာမှု စီမံကိ်န်းတွေကြောင့်ပေါ့နော်။ အဲ့ဘက်မှာ ကုမ္ပဏီတွေက ရင်းနှီးမြုပ်နှံ ထားတာဆိုတော့ လေ အဲ့လို ကုမ္ပဏီတွေ၊ စီမံကိန်းတွေချပြီးဆိုရင် အဲ့ဒီအတွက် အနှောက်အယှက်မဖြစ်ဖို့ လုံခြုံရေးတွေ ချရ တာပေါ့နော်။ အဲ့ဒါနဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေဖြစ်တာပေါ့နော်။ သဘာဝသယံဇာတတွေနဲ့ ပတ် သက်ပြီးတော့လည်း ဖြစ်တာပေါ့။ စီမံကိန်းဖြစ်မြောက်ရေးအတွက် သူတို့က ပံ့ပိုးပြီး လုံခြုံရေးပေးနေတာ ပေါ့လေ” ဟု စိုင်းရွက်လွင် က ဆက်ပြောသည်။

ဇွန်လ ၂၄ ရက်နေ့က အထက်ရဲရွာ ရေကာတာဆောက်လုပ်ရေးစီမံကိန်းအနီး ဟဲကွီဒကျေးရွာတွင် RCSS/SSA တပ် ဆက်ဆံရေးရုံးမှ တပ်မတော်အား ကမ္ဘာ့မူးယစ်ဆေးဝါးကျင်ရေးနေ့ ကျင်းပခွင့်ပေးရန် အကြောင်းကြားရမှာ နှစ်ဖက်ကြားတိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် “အစိုးရတပ်က ရေကာတာ ဆောက်လုပ်ရေးတွင် လုံခြုံ ရေးတာဝန်ယူထားသည့် တပ်မ (၁၀၁) လက်အောက်ခံ ခမရ (၂၅၆) တပ်သားများအား စေလွှတ်ကာ အခမ်း အနား မကျင်းပနိုင်စေရေး အနှောက်အယှက်ပေးသည်။ တဖက်တည်းတွင် နှစ်ဖက်တပ်များ ထိပ်တိုက်ရင်ဆိုင် အပြန်အလှန်ပစ်ခတ်မှုများမှ စတင်ပြီး ကျောက်မဲမြို့နယ် တောင်ဖက်တကျော တိုက်ပွဲဖြစ်ခဲ့သည်” ဟု ရေးသား ထားသည်။

ထို့အပြင် အစိုးရတပ်မတော် မှ ခလရ-၂၂၊ ခလရ-၁၀၁ နှင့် ခလရ-၁၄၇ တို့ ပါဝင်သည့် စစ်ကြောင်း အကူများ လည်း စေလွှတ်တိုက်ခိုက်စေခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဆိုသည်။

ထို့ကြောင့် “တောင်းဆိုချင်တာက အခု လောလောဆယ်မှာ ငြိမ်းချမ်းရေးတည်ဆောက်နေချိိ်န်မှာဆိုရင် ဒီနိုင်ငံ ခြားက ဖြစ်ဖြစ်၊ နိုင်ငံတွင်းကဖြစ်ဖြစ် ရင်းနှီးမြုပ်နှံမှုတွေအတွက်က အချိန်မတန်သေးပါဘူး။ ဘာလို့လည်းဆိုရင် အဖက်ဖက် ငြိမ်းချမ်းရေးရဖို့အတွက် ကြိုးစားနေကြတယ်နော်။ ဒီအချိန်မှာ တိုက်ပွဲတွေဖြစ်လာတယ်ဆိုတော့ ကုမ္ပဏီ တွေက ထွက်ခွာဖို့လိုအပ်တယ်လို့ တောင်းဆိုချင်တယ်။ ဆက်စပ်တယ်ဆိုတာက ဒီရေကာတာနဲ့ ပတ် သက်ပြီး ရင်းနှီးမြုပ်နံှပြီ စီမံကိန်းတွေ ချပြီဆိုရင် ကုမ္ပဏီဘက်ကရော နိုင်ငံတော်ဘက်ကရော အမြတ်အစွန်း တွေ ရမှာပေါ့နော်။ ဒါန့ဲပတ်သက်ပြီး တိုင်းရင်းသားတွေနဲ့လည်း မကြေမလည်တာတွေရှိမှာပေါ့။ ဒါနဲ့ ဆက်စပ် ပြီး စစ်ရေးတင်းမာမှု၊ စစ်ရေးပဋိပက္ခတွေ ဖြစ်လာတာပေါ့နော်” ဟု စိုင်းရွက်လွင်က ဆက်ပြောသည်။

ကျောက်မဲတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ အစိုးရတပ်အနေဖြင့် ဒေသခံ ပြည်သူတွေကို အကာအကွယ်မပေးပဲ သဘာဝသယံဇာတများကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ယူရန်နှင့် ပဋိပက္ခဇုန်အတွင်းရှိ စီမံကိန်းယန္တရားကြီးများကို အလေးထားလုံခြုံမှု ပေးနေခြင်းသာ ဖြစ်သည်ဟု ထောက်ပြထားသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က အထက်ရဲရွာရေကာတာ စီမံကိန်းအပါအဝင် တိုင်းရင်းသားဒေသများရှိ ရင်းနှီး မြုပ်နှံမှု စီမံကိန်းများ ရပ်ဆိုင်းရန်တောင်းဆိုထားသည်။ ထို့အပြင် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်မူဝါဒ အခြေခံဖွဲ့စည်းပုံနှင့်အညီ အာဏာခွဲဝေကာ ဒေသခံ ပြည်သူများ၏ မြေယာနှင့် သယံဇာများကို ကိုင်တိုင်စီမံခန့်ခွဲကာကွယ်ခွင့်ပေးရန် တောင်းဆိုထားသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here