ကာချုပ်၏ မိန့်ခွန်းကို ကချင်အရပ်ဖက်အဖွဲ့အစည်းများ ရှုံ့ချ

0
448
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဘယ်) မှ နေပြည်တော် (၂၁)ရာစု ပင်လုံ တတိယအစည်းအဝေး တက်ရောက်တဲ့ KIO ဗိုလ်ချုပ် ဂွန်မော် အား ဇူလိုင် (၁၁) ရက်နေ့ည တွေ့ဆုံ

ကချင်တော်လှန်ရေး သည် ဘာသာရေးကို အခြခံပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန့်ကို လက်မခံ ရှုံ့ချကြောင်း ကချင်အရပ်ဘက်လူမှုဖွဲ့အစည်းများ ဇူလိုင် (၁၆)ရက်နေ့ သဘောထား ထုတ်ပြန်လိုက်သည်။

‘ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA အဖွဲ့သည် နိုင်ငံရေး လိုအပ်ချက်အရ ကချင်လူထု၏ အခွင့်အရေးကို ကာကွယ်ရပ်တည်ပေးရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး၊ ၁၉၄၇ ခုနှစ် ပင်လုံသဘောတူညီချက်အတိုင်း တာဝန်ရှိ အစိုးရမှ အကောင်အထည် ဖော်ပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ကချင်လူထုနှင့် တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၀ ခုနှစ်တွင် KIO/KIA ကို စတင်တည်ထူထောင်ခဲ့ခြင်းကို နားလည်သဘောပေါက်ကြောင်း’ ပြည်တွင်းပြည်ပ ကချင်အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၇)ဖွဲ့က ထုတ်ပြန်သည်။

“ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတာက လက်တွေ့ အခြေအနေ နဲ့ တကယ့် သမိုင်းတစ်လျှောက်ဖြစ်ခဲ့တဲ့ အကြောင်းတွေကို သုံးသပ်ကြည့်ရင် မဟုတ်မမှန် ဖြစ်နေတဲ့အတွက် ကျမတို့ အနေနဲ့ လက်မခံဘူး။ အဲ့ဒီအတွက် ရှုံ့ချတယ်” ဟု မြစ်ကြီးနားမြို့ ကချင်အရပ်ဖက်အဖွဲ့အစည်းမှ ဒေါ် San Htoi ပြောသည်။

ထို့အပြင် ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ချိ်န်တွင် အပစ်ခတ်ရပ်စဲရေးမှ ကောင်းမွန်သော အသီးအပွင့် ဖန်တီး မပေးနိုင်ဘဲ ပြည်သူလူထုဘဝ ပိုမိုနစ်နာလာသည့်အပေါ် KIO/KIA ခေါင်းဆောင်များ အစိုးရထံ တင်ပြခဲ့သော်လည်း တပ်မတော်မှ နိုင်ငံရေးအရ အဖြေရှာခြင်းမပြုဘဲ စစ်ရေးအရသာ တုန့်ပြန်ခဲ့သဖြင့် ယနေ့တိုင် စစ်ပွဲများ ဖြစ်ပွားကာ ပြည်သူလူထုမှ နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားနေရခြင်းဖြစ်ကြောင်း ပြောပါသည်။

၁၉၆၂ စစ်တပ် အာဏာသိမ်းချိန် မှစ၍ တိုင်းရင်းသားလူမျိုးစုများ အားလုံးနှင့် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သူမှာ အစိုးရ အာဏာကို ရယူထားသော တပ်မတော်သာ ဖြစ်ကြောင်းကို ကမ္ဘာသိပင်ဖြစ်သည် ဟုပြောပါသည်။

၂၀၁၂ ခုနှစ် နောက်ပိိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိနေသော်လည်း အခြား တစ်ဖက်တွင်မှု တပ်မတော်အနေဖြင့် ကချင်နှင့် ရှမ်းပြည်နယ်ဒေသများတွင် စစ်အင်အားတိုးချဲ့ခြင်းနှင့် စစ်ဆင်ရေး ပြုလုပ်ခြင်းများကို မရပ်မနား ပြုလုပ်နေလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်က ထောက်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here