၉ ဇူလိုင် ၂၀၂၀
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်းက လက်နက်ကိုင်ပဋိပက္ခအနည်းဆုံး အကြိမ် (၁၀၈၃)ကြိမ်ဖြစ်ပွားခဲ့ရာ အရပ်သားအနည်းဆုံး (၁၅၁)ဦးသေဆုံးပြီး၊ (၃၈၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျုက ထုတ်ပြန်ထားသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၉ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခ အကြိမ်ရေအနည်းဆုံး (၆၂၆) ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း MIPS ၏ အစီရင်ခံစာတွင်ဖော်ပြသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားသော “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်-၂၀၂၀” သုတေသနအစီရင်ခံစာကို ဇူလိုင်လ ၇ ရက်နေ့တွင်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်အတွင်း၌ အရပ်သား (၈၆)ဦးသေဆုံး ခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ (၁၇၄)ဦးရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိနေသည့်အပြင် မိမိနေရပ်ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်ဦးရေမှာလည်း နှစ်သိန်းခန့်အထိ ရှိလာနေသည်။
DMG – ပေးပို့သည်။