တပ်မတော်စစ်ကြောင်း ရှိသေးသည့်အတွက် ဒေသခံစစ်ရှောင်များ ပြန်ရန် ခက်ခဲနေဟုဆို

0
194

၃၀ ဇွန် ၂၀၂၀

ကျောက်မဲမြို့နယ် ကျေးရွာများအတွင်း တပ်မတော် စစ်ကြောင်း ရှိနေသေးသောကြောင့် ‌ဒေသခံစစ်ဘေးရှောင် ၄၀၀ ကျော် နေရပ်ပြန်ရန် ခက်ခဲနေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။

နမ့်ခုံး ပရဟိတ လူမှု့ကညီရေး အသင်း ဥက္ကဋ္ဌ စိုင်းကူးက “တိုက်ပွဲဖြစ်တဲ့နေရာကတော့ ဘယ်သူမှ မသွား ရဲဘူး ပေါ့နော မသွားရဲဘူးဆိုတာကတော့ အက်ကီးရွာမှာက တပ်မတော်က စာသင်ကျောင်းထဲမှာ သူတို့က နေထား တယ်။ ပြန်ဆုတ်ခွာသွားလာဆိုတော့ ဆုတ်တော့ မဆုတ်ဘူး သူတို့က ရွာထဲမှာပဲ စာသင် ကျောင်း မှာပဲ အဲဒီမှာ စတည်းချပြီးတော့ နေနေသေးတယ်” ဟုပြောသည်။

ထို့ကြောင့် စစ်ဘေးရှောင်များမှ ၎င်းတို့၏ ကျေးရွာတွင် တပ်မတော်စစ်ကြောင်း ရှိနေသေးသည့် အတွက် ကျေးရွာသို့ ပြန်ရန် ခက်ခဲနေသေးသည်ဟု ဆိုသည်။

ကျောက်မဲ ဒေသခံတစ်ဦးက “ရွာသားတွေက သိန်းနီရွာ၊ အက်ကြီးရွာ၊ ရေဆန်ရွာ၊ ပြိန်နင်း၊ ပန်ကျန်၊ နမ့်ဖာ အဲ့ဒီကျေးရွာတွေက တိုက်ပွဲတွေကြောက်တယ်၊ တပ်မတော်ကလည်းရွာသားတွေကို လမ်းပြအဖြစ် ခေါ် သွားတာတွေရှိတယ်။ ရိုက်နှက်တာတွေရှိတယ်။ အဲ့တော့ ရွာသားတွေက ကြောက်ပြီး ထွက်ပြေး ကြတာ။ ပန်ကျန်ရွာထဲကိုလည်း လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်။ တစ်ယောက်သေတယ်နော်၊ နှစ်ယောက်က ဒဏ်ရာရတာရှိတယ်။ အခုသူတို့ ဒီတပ်မတော်က ရွာထဲရောက်နေကြတော့ ရွာသားတွေ က ကြောက်ပြီး ထွက်ပြေးရတာ။ ရွာသားတစ်ယောက်လည်း အရိုက်ခံရတာရှိသေးတယ်။ သတိတောင်လစ်သွားသေး တယ်” ဟု ပြောသည်။

ဇွန်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ထိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာ များအနီးတွင် တပ်မတော်နှင့် RCSS/SSA တို့ ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် အက်ကီး၊ နမ့်ဖာ၊ ပင်းလင် အစရှိသည့် ကျေးရွာ ၄ ရွာမှ စစ်ဘေး ရှောင် ၄၀၀ ကျော် မှာ ပန်လော့ဒ်ကျေးရွာသို့ စစ်ဘေး ရှောင်လာကြသည်။

ဇွန်လ ၂၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ စိုင်းကူးက “မနေ့တုန်းက တိုက်ပွဲ အခြအနေက နည်းနည်းလေး ရွာနဲ့နီးတယ်ဆိုတော့ မနေ့က ၁၁ နာရီလောက်မှာ သူတို့က ပန်လော့ဒ်ရွာ ကို ရောက်တယ်။ ၁၁ နာရီရောက်တော့ အဲဒီမှာ ၂ နာရီ၀န်းကျင်မှာကျတော့ လက်နက်ကြီး ထပ်ကျတယ် ဆိုတော့ သူတို့က ဒီအတိုင်းပဲ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ပေါ့နော အဲဒီမှာပြေးလာတယ်။ ပန်လော့ဒ်ရွာ ကို လေးရာလောက်ရောက်နေပါတယ်။ အခုတော့ ဘုန်းကြီးကျောင်းမှာ နေကြပါတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ ကျေးရွာနှင့် တစ်မိုင်ခန့်သာကွာသည်ဟု ဆက်ပြောသည်။

“ဖြစ်တဲ့ နေရာကတော့ ဒီ အက်ကီးရွာ တစ်မိုင်၀န်းကျင်လောက်မှာ အဲမှာ ဖြစ်တာ ဖြစ်တော့ အဲမှာ ရွာနဲ့ တစ် မိုင်၀န်းကျင်ဆိုတော့ လက်နက်ကြီးကလည်း ရွာဘေးနားမှာ လာကျတော့ ရွာသားတွေက အကုန် လုံး ပြောင်းရတယ်။ အဲဒီပန်လော့ဒ်ရွာကိုပေါ့နော်။”

ပန်လော့ဒ်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များ၏ နေထိုင်စားသောက် ရေးကို ပန်လော့ဒ်ကျေးရွာ ဘုန်းကြီးကျောင်းက တာ၀န်ယူထားပြီး နမ့်ခုံးပရဟိတ အဖွဲ့ အနေနဲ့လည်း ဆန်၊ ဆီ၊ ဆား။ ပဲ အစရှိသည့် စားသောက်ကုန်များကို သွားရောက်ကူညီထားသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေးမှာ အဆင်ပြေနေသော်လည်း ယခုကဲ့သို့ ရေရှည် နေထိုင်နေရမည်ဆိုပါက ခက်ခဲလာနိုင်သည်ဟု နမ့်ခုံး ပရဟိတ လူမှု့ကူညီရေး ဥက္ကဋ္ဌ က ပြော သည်။

“လိုအပ်ချက်တွေ ရှိနေမှာပဲ တပ်မတော်ကနေပြီးတော့ သူတို့ရဲ့ တပ်မဆုတ်ခွာ မချင်းတော့ သူလိုနေမှာပဲ။ ဘာ ဖြစ်လို့လဲဆိုတော့ ဒီနေ့အထိ သူတို့က အဲမှာ ရှိနေတယ်ဆိုတော့ ရွာသားတွေလည်း စိုးရိမ်နေကြ တာပေါ့။ ရေရှည်ဖြစ်လာရင်တော့ ကျနော်တို့ နည်းနည်းလေးတော့ အခက်အခဲရှိမှာပေါ့နော်” ဟု စိုင်းကူး က ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ကျင်းပရာမှ နားလည်မှုလွှဲပြီး ထိတွေ့ မှုများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု RCSS/SSA က ပြောသည်။

ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ ယနေ့ နံနက်ပိုင်းအထိ ထိတွေ့မှုများ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲ ဖြစ်ပွား သည့် အခြေအနေများနှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး အုမ်ခေး က ယခုလိုပြောသည်။

“တိုက်ပွဲအခြေအနေက ကွက်ကြားကွက်ကြားပဲ၊ အကြီးအကျယ်လို့ ပြောလို့မရဘူး။ ၂၅ ရက်နေ့မှာ ဟိုင်းကွီ၊ ကျောက်မဲမြို့နယ်ထဲမှာ အဲ့မှာတစ်ခါ စဖြစ်တာပေါ့လေနော်။ ၂၆ ရက်နေ့မှာတော့ မဖြစ်ဘူး။ ၂၇ ရက်နေ့မှာလည်း ဖြစ်တယ်။ ထိတွေ့မှု နည်းနည်းပြန်ဖြစ်တယ်။ မနေ့က ၂၈ ရက်နေ့မှာ နောက်ထပ်သုံးခါ ပစ်ခတ်မှုဖြစ် သေးတယ်။ အဲ့နားတဝှိုက်မှာပဲပေါ့နော်။ ပြီးတော့ နောက်ဆုံး ဒီနေ့ မနက် ၂၉ ရက်နေ့ မနက် ၈ နာရီလောက်က ခလရ ၂၃ သီပေါ အခြေစိုက်ပေ့ါလေ အဲ့ဒါကနေပြီးတော့ ပန်ကျန်ရွာ ဟိုက်ကွီနားမှာပဲ နောင်ပုံးကျေးရွာ အုပ်စု ကျောက်မဲမြို့နယ်မှာ ပန်ကျန်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ ရွာထဲ မှာ RCSS တပ်ဖွဲ့တွေ ရှိလိမ့် မယ်လို့ ထင်ပြီးတော့ အထင်နဲ့ မှန်းပြီးတော့ ပစ်လိုက်တာပေါ့နော်။”

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားသကဲ့သို့ သီပေါမြို့နယ်အတွင်းတွင် လည်း ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း တပ်မတော်နှင့် RCSS တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု RCSS/SSA က ပြောသည်။

ထို့အတူ ဇွန်လ ၃ ရက်နေ့ကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ် နားကောင်း မူး ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ဒု-ဗိုလ် မှူးကြီး အုမ်ခေး က ပြော သည်။

RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘော တူစာချုပ် NCA ကို လက်မှတ်ရေးထိုး သည့် အဖွဲ့ဖြစ်ပြီး လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။

ထို့အတူ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ် သည့် ကရင်အမျိုးသား အစည်းအရုံး KNU သည်လည်း တပ်မတော်နှင့် ဖာပွန်ခရိုင်အတွင်းတွင် စစ်ရေး တင်းမာမှုများရှိနေပြီး ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ တပ်မတော်နှင့် ထိတွေ့တိုက်ပွဲ ပေါင်း ၈၈ ကြိမ်အထိဖြစ်ပွားခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here