ကျောက်မဲတွင် တပ်နှင့် RCSS တိုက်ပွဲဖြစ်၊ ဒေသခံတစ်ဦး သေဆုံး

0
192

Photo : asianews.it

၃၀ ဇွန် ၂၀၂၀

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အနီးရှိ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျခဲ့သည့်အတွက် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရှိခဲ့သည်ဟု သိရသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နမ့်ခုံးပရဟိ လူမှုကူညီရေးအသင်း က တာဝန်ရှိသူ တစ်ဦးက ယခုကဲ့ သို့ ပြောသည်။

“ပန်ကျန်ရွာထဲကို ဒီမနက်ပိုင်း လက်နက်ကြီးကျတာပေါ့နော်။ အဲ့မှာ အမျိုးသားတစ်ယောက်ကသေသွားတယ်။ အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတစ်ယောက်ကတော့ ဒဏ်ရာရတယ်။ အခု ဆေးရုံမှာ ပို့ထားတယ်။ အဲ့မှာ နောက်ပြီး ရွာသားအမျိုးသားတစ်ယောက်လည်း အရိုက်ခံရတာရှိတယ်လို့ ပြောတယ်” ဟု ပြောသည်။

“လုံးဆု ဆိုတဲ့ အသက် ၅၆ အရွယ် အမျိုးသားတစ်ယောက် လက်နက်ကြီးကျည်စထိပြီး ဆုံးသွားတယ်။ နောက်ပြီးတော့ အမျိုးသမီးကြီး နန်းဆိုင် အသက် ၅၅ ဝန်းကျင်လောက် အဲ့ဒါလည်း အပြင်းအထန်ဒဏ်ရာရ ပြီးတော့ ကျောက်မဲဆေးရုံမှာ ဆေးကုနေရတယ်။ တစ်ယောက်သေ တစ်ယောက် ဒဏ်ရာ ရတာပေါ့။”

ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်းစီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA တို့အကြား ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ ယနေ့ နံနက်အပိုင်းအထိ ထိတွေ့မှုများ ဖြစ်ပွားနေသည်ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

“တိုက်ပွဲအခြေအနေက ကွက်ကြားကွက်ကြားပဲ၊ အကြီးအကျယ်လို့ ပြောလို့မရဘူး။ ၂၅ ရက်နေ့မှာ ဟိုင်းကွီ၊ ကျောက်မဲမြို့နယ်ထဲမှာ အဲ့မှာတစ်ခါ စဖြစ်တာပေါ့လေနော်။ ၂၆ ရက်န့မှာတော့ မဖြစ်ဘူး။ ၂၇ ရက်နေ့မှာလည်း ဖြစ်တယ်။ ထိတွေ့မှု နည်းနည်းပြန်ဖြစ်တယ်။ မနေ့က ၂၈ ရက်နေ့မှာ နောက်ထပ်သုံးခါ ပစ်ခတ်မှုဖြစ်သေး တယ်။ အဲ့နားတဝှိုက်မှာပဲပေါ့နော်။ ပြီးတော့ နောက်ဆုံး ဒီနေ့ မနက် ၂၉ ရက်နေ့ မနက် ၈ နာရီလောက်က ခလရ ၂၃ သီပေါ အခြေစိုက်ပေ့ါလေ အဲ့ဒါကနေပြီးတော့ ပန်ကျန်ရွာ ဟိုက်ကွီနားမှာပဲ နောင်ပုံးကျေးရွာ အုပ်စု ကျောက်မဲမြို့နယ်မှာ ပန်ကျန်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ ရွာထဲမှာ RCSS တပ်ဖွဲ့တွေ ရှိလိမ့် မယ်လို့ ထင်ပြီးတော့ အထင်နဲ့ မှန်းပြီးတော့ ပစ်လိုက်တာပေါ့နော်။”

ထိုသို့ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး အနီးအနားကျေးရွာများမှ ဒေသခံရွာသား ၂၀၀ ကျော်လည်း စစ်ဘေးလွတ်ရာ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။

နှစ်ဖက်ကြား တိုက်ပွဲဖြစ်ရခြင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ကျင်းပရာမှ နားလည်မှုလွှဲပြီး ထိတွေ့မှုများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု RCSS က ပြောသည်။

“၂၄ ရက်နေ့တုန်းက RCSS ကျောက်မဲ ဆက်ဆံရေးရုံးတာဝန်ခံကလေ တပ်မတော်နဲ့ တာဝန်ရှိသူတွေကို လှမ်းပြီးအကြောင်းကြားထားတာပေါ့၊ ၂၆ ရက်နေ့ ၆ လမှာ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ RCSS ထိန်းချုပ်တဲ့နေရာမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိထားတာတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားပြုလုပ်မယ်။ အဲ့ဒါကြောင့်မို့လို့ မနက်ဖြန် ၂၅ ရက်နေ့မှာ RCSS တပ်ဖွဲ့တွေ လုံခြုံရေးလာယူဖို့ အင်အားနည်းနည်းစုနေတယ် အဲ့ဒါကို တပ်မတော်ဘက်က ကြားသိရအောင် လှမ်းပြီးအကြောင်းကြားတာပါဆိုပြီး အကြောင်းကြားထား တာပေါ့။ အဲ့ဒီတော့ ၂၅ ရက်နေ့ကျတော့ ခလရ ၂၅၆ ကနေပြီးတော့ လှုပ်ရှားလာပြီး တစ်ခါ ထိတွေ့မှုဖြစ် သွားတာပေါ့။ အဲ့တော့ ၂၅ ရက်နေ့မှာ ကျောက်မဲတာဝန်ခံက ထပ်ပြီးကြောင်းကြားတယ်။”

ထို့သို့ RCSS ကျောက်မဲဆက်ဆံရေးရုံးတာဝန်ခံမှ တပ်မတော်အား အကြောင်းကြားရာ ၂၆ ရက်နေ့တွင် တိုက်ပွဲ
ဖြစ်ပွားခြင်းမရှိပဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကောင်းမွန်စွာ ကျင်းပပြီးစီးနိုင်ခဲ့သော်လည်း ၂၇ ရက်နေ့မှ စတင်၍ တဖန်တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု RCSS က ပြောသည်။

“၂၇ ရက်နေ့ကျတော့ အခုနက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနား လုံခြုံရေးယူထားတဲ့ RCSS တပ်ဖွဲ့ တွေက ကိုယ့်နေရာကိုယ်ပြန်ဖို့ သွားကြရင်း ပြန်ကြရင်းနဲ့ တပ်မတော်ဘက်က ဆက်လက်ပြီးလှုပ်ရှားလို့ ထိတွေ့မှုတွေနည်းနည်းပြန်ဖြစ်တယ်။ အထက်က စီမံချက်နဲ့ တိုက်ပွဲလုပ်တာ မဖြစ်လောက်ဘူး။ အောက်ခြေ ကပဲ နားလည်မှုလွှဲပြီး အားမပေးတဲ့အပြင် ဖျက်ဆီးလိုဖျက်ဆီးကြောင်းလုပ်တာလားဆိုတာမျိုးပေါ့နော်။ နား လည်ရခက်တာပေါ့နော်။ RCSS က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးတဲ့ အခမ်းအနား လုပ်ဖို့ ကို ပြင်ဆင်တာ။ အဲ့ဒါကို တပ်မတော်က အားမပေးတဲ့အပြင် နည်းနည်းဝင် အနှောက်အယှက်ပေးတဲ့ သဘော ပေ့ါ။ ရွာသားတွေကိုလည်း တပ်မတော်က ပြောတယ်တဲ့ RCSS လုပ်တဲ့ အခမ်းအနားကို မသွားကြပါနဲ့ဆိုပြီး ပြောတာလည်းရှိတယ်လို့ ပြောတယ်” ဟု ဒု-ဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

တပ်မတော်နှင့် RCSS တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူအား ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

တပ်မတော်မှ ကျောက်မဲမြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ရေးလှုပ်ရှားမှုများ နှင့်ပတ်သက်၍ ဒု-ဗိုလ််မှူးကြီး အုမ်ခေး က “တပ်ရင်းတွေက ၁၀၁ နဲ့ ၂၅၆၊ ၁၄၇၊ ခလရ ၂၂၊ ၂၃ တပ်ရင်းတွေ အားလုံးပေါင်း စုပေါင်းအင်အား တစ်ရာကျော်က စစ်ရေးလှုပ်ရှားနေတာပေါ့နော်။ တို်က်ပွဲက အကြီးအကျယ်တော့ မဟုတ်ဘူး။ ခနလေးဖြစ် ခန လေးရပ်၊ ခန လောက်ပဲဖြစ်တာ” ဟု ဆက်ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း ဇွန်လ ၁၀ ရက်နေ့ ကလည်း တပ်မတော်နှင့် RCSS တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ ၃ ရက်နေ့ကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ် နားကောင်းမူး ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည် ဟု ဒု-ဗိုလ် မှူးကြီး အုမ်ခေး က ပြောသည်။

RCSS/SSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထား သည့် အဖွဲ့ ဖြစ်သည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here