တပ်မတော်မှ ဖမ်းဆီးထားသည့် မြောက်ဦးခရိုင်အတွင်းမှ ဒေသခံနှစ်ဦး (၆)လကြာမှ ရဲစခန်း‌ရောက်

0
191

၂ ဇွန် ၂၀၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းမှ ဒေသခံနှစ်ဦးကို တပ်မတော်က ၆ လကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယခုနှစ်မေလအတွင်းမှာမှ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်လှစ်ထားကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များက ပြောသည်။

၎င်းတို့နှစ်ဦးမှာ လက်ရှိ မြောက်ဦးမြို့နယ်ရဲစခန်းသို့ ရောက်ရှိနေပြီဖြစ်ကာ ဖမ်းဆီးခံရစဉ်က တပ်အချုပ်ခန်းတွင် ရိုက်နှက်စစ်ဆေးခံခဲ့ရသဖြင့် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအမာရွက်များ ထင်ကျန်နေကြောင်း ၎င်းတို့နှင့် တွေ့ဆုံခွင့်ရခဲ့သည့် မိသားစုဝင်တစ်ဦးက ပြောပြသည်။

မင်းပြားမြို့နယ်၊ ဦးစိုးတင့်ရပ်ကွက်တွင် နေထိုင်သည့် ဦးစိန်ဝင်းမောင် ၄၂ နှစ်နှင့် မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာမှ ကိုဆိတ်ဖားချေဆိုသူကို တပ်မတော်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီခံခဲ့ရခြင်း ဖြစ်သည်။

မင်းပြားမြို့မှ ဦးစိန်ဝင်းမောင်သည် ဖုန်းအပျက်၊ ဘတ်ထရီအဟောင်းများနှင့် သံတိုသံစများကို ကျေးရွာအနှံ လိုက်လံဝယ်ယူသည့်အလုပ်ကို လုပ်ကိုင်နေသူဖြစ်သည်။ ၎င်းသည် သံတိုသံစဝယ်ယူရန် မြောက်ဦးမြို့နယ် သပြေကန်ကျေးရွာသို့သွားစဉ် တိမ်ညိုဆေးရုံအနီးတွင် တပ်မတော်သားများ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များထံက သိရသည်။

ဦးစိန်ဝင်းမောင် ဖမ်းဆီးခံရချိန်တွင် မိသားစုထံ ဖုန်းဖြင့်အကြောင်းကြားခဲ့သဖြင့် မိသားစုဝင်များက တိမ်ညိုကျေးရွာသို့ လိုက်သွားခဲ့သော်လည်း ၎င်းအား မတွေ့ရတော့ဘဲ ၎င်းစီးနင်းနေသည့် ဆိုင်ကယ်နှင့် ပျက်စီးနေသည့် ပစ္စည်းများကိုသာ တွေ့ရှိခဲ့ရကြောင်း ဇနီးဖြစ်သူ ဒေါ်မတင်ဝင်းက ပြောပြသည်။

ယင်းသို့ ဖမ်းဆီးခံရသည့်နေ့တွင် ဦးစိန်ဝင်းမောင်ကို တပ်မတော်သားများက မြောက်ဦးမြို့နယ်၊ လင်းမြွေတောင် ဘုရားတောင်ပေါ်သို့ ခေါ်ဆောင်သွားကာ ရိုက်နှက်စစ်ဆေးခဲ့ပြီး နောက်တစ်နေ့တွင် စစ်တွေမြို့ရှိ တပ်မတော်အချုပ်ခန်းသို့ စစ်ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဦးစိန်ဝင်းမောင်၏ ပြောပြချက်ကို ကိုးကားပြီး ဒေါ်မတင်ဝင်းက ပြောသည်။

ဦးစိန်ဝင်းမောင်ဖမ်းဆီးခံရမှုအား မိသားစုဝင်များမှ မြောက်ဦးရဲစခန်းသို့ တိုင်ကြားခဲ့ရာ တပ်မတော်က ဖမ်းဆီးခြင်းဖြစ်သည့်အတွက် တပ်မတော်နှင့်သာသက်ဆိုင်ကြောင်း တုန့်ပြန်ခဲ့သည်ဟု ဆိုသည်။ ဆက်လက်ပြီး မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းနှင့် မင်းပြားမြို့မရဲစခန်းတို့တွင် တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာထူးခြားမှု မရှိခဲ့ကြောင်း ဒေါ်မတင်ဝင်းက ဆက်ပြောသည်။

ထိုသို့ဖမ်းဆီးခံရပြီး ၆ လခန့်အကြာ ၂၀၂၀ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ၎င်းတို့ကို တပ်မတော်က စစ်တွေမြို့ အမှတ်(၁) ရဲစခန်းသို့ လာရောက်ပို့ဆောင်ခဲ့သဖြင့် ရဲစခန်းမှ မိသားစုထံ အကြောင်းကြားခဲ့သည်။

“ကျမကို အမှတ်(၁)ရဲစခန်းက ဖုန်းဆက်ပြီးခေါ်တယ်။ ကျမတို့ရောက်သွားတော့ လူချင်းတွေ့ပြီး စကားမပြောရဘူး။ CCTV ကင်မရာကပဲ သူ့အခြေအနေကို ကြည့်ခဲ့ရတာ။ ရိုက်နှက်ခံထားရတဲ့အတွက် တကိုယ်လုံး ဖူးရောင်နေတယ်။ အဲဒီက ရဲတစ်ယောက်ပြောတာတော့ စစ်တပ်က လာပို့သွားတုန်းက မျက်နှာကိုဖုံးပြီး ကားပေါ်က တွန်းချသွားတာတဲ့” ဟု ဒေါ်မတင်ဝင်းက ပြောသည်။

ဦးစိန်ဝင်းမောင်နှင့်အတူ ၆ လအကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူမှာ မြောက်ဦးမြို့နယ် သပြေကန်ကျေးရွာမှ ကိုဆိတ်ဖားချေ ဆိုသူဖြစ်သည်။ ကိုဆိတ်ဖားချေသည် တိမ်ညိုကျေးရွာမှ တာပေါ်လင်စဝယ်ယူပြီး မိမိကျေးရွာသို့ ပြန်လာရာတွင် ရွာထိပ်ရှိနေအိမ်တစ်အိမ်၌ ရေဝင်သောက်နေချိန်အတွင်း တပ်မတော်၏ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

“စစ်တွေအမှတ် (၁)ရဲစခန်းက ကျမကိုဖုန်းဆက်ပြီးတော့ အကူအညီတောင်းလာတယ်။ ခင်ဗျားယောက်ျားနဲ့အတူ အဖမ်းခံထားရတဲ့လူရဲ့ မိသားစုဝင်တွေကို တချက်လောက်ဆက်သွယ်ပေးပါ ဆိုပြီးတော့ပြောတယ်။ ဒါကြောင့် ကျမက ကိုဆိတ်ဖားချေရဲ့မိသားစုတွေကို ဆက်သွယ်ကြည့်တော့ ကိုဆိတ်ဖားချေရဲ့ဆွေမျိုးတွေက ကျမကို ပြောပြတယ်။ ဆိတ်ဖားချေဆိုသူက အရက်သောက်ပြီး ဟိုအိမ်တက်ထမင်းစား၊ ဒီအိမ်တက်ထမင်စားပြီး နေတာ၊ ဘာမှသိတာမဟုတ်ဘူး။ အရက်သမားဖြစ်တဲ့အတွက် ကျမတို့ သူ့နောက်ကို မလိုက်ပေးနိုင်ဘူးဆိုပြီး ပြောတယ်” ဟု ဒေါ်မတင်ဝင်းက ပြောပြသည်။

ဦးစိန်ဝင်းမောင်နှင့် ကိုဆိတ်ဖားချေတို့နှစ်ဦးအား AA နှင့် ပတ်သက်ဆက်နွယ်သည်ဟု သံသယဖြင့် မေလ ၁၂ ရက်နေ့တွင် စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှ မြောက်ဦးမြို့ရဲစခန်းသို့လွှဲေြပာင်းကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မိသားစု၏ပြောပြချက်အရ သိရသည်။

၎င်းတို့နှစ်ဦးအား မေလ ၁၉ ရက်နေ့တွင် မြောက်ဦးမြို့နယ်တရားရုံးမှ ချုပ်ရမန်ရယူခဲ့ရာ မိသားစုနှင့်လည်း တိုက်ရိုက်တွေ့ဆုံခွင့်ရရှိခဲ့သည်။ သို့သော် ဖမ်းဆီးစစ်ဆေးခံရစဉ်အချိန်အတွင်း မျက်နှာများကို ဖုံးအုပ်ခံထားရသဖြင့် မျက်လုံးများမှာ နေရောင်ကို မခံနိုင်ဘဲဖြစ်နေကြောင်း မိသားစုဝင်များက ပြောသည်။

လက်ရှိတွင် ဦးစိန်ဝင်းမောင်အား မြောက်ဦးရဲစခန်းတွင် ထိန်းသိမ်းထားပြီး တစ်စုံတစ်ရာ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဖမ်းဆီးချူပ်နှောင်ထားခြင်းဖြစ်သည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း ဇနီးဖြစ်သူ ဒေါ်မတင်ဝင်းက ပြောသည်။

“ကျမယောကျ်ားက ဘာအပြစ်မှမရှိဘူး။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတာ။ မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးမရှိတာက အရမ်းကိုအခက်အခဲဖြစ်စေတယ်။ သားနှစ်ယောက် ပညာရေးကိုလည်း ထိခိုက်စေတယ်။ ဒါကြောင့် အပြစ်တစ်စုံတစ်ရာမရှိပဲ ဖမ်းဆီးထားတဲ့ ကျမယောကျ်ားကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်” ဟု ၎င်းက တောင်းဆိုသည်။

ယခုဖမ်းဆီးခံထားရသည့် ဦးစိန်ဝင်းမောင်တွင် နဝမတန်းတက်ရောက်မည့် သားတစ်ဦးနှင့် ဒသမတန်း တက်ရောက်မည့် သားတစ်ဦးရှိသည်။

ဦးစိန်ဝင်းမောင်နှင့် ကိုဆိတ်ဖားတို့နှစ်ဦးကို တပ်မတော်က ၆ လခန့်ကြာမြင်စွာ ဖမ်းဆီးစစ်ဆေးခဲ့သည့်ဆိုသည့် မိသားစုဝင်များ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရသူများထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသဖြင့် တပ်မတော်၏တုန့်ပြန်ချက်ကို မရရှိခဲ့ပေ။

တပ်မတော်အနေဖြင့် တရားရုံးမှ ချုပ်ရမန်မယူဘဲ (၆)လထိတိုင် ဖမ်းဆီးချုပ်နှောင်ထားခြင်းမှာ တရားဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ လူ့အခွင့်အရေးချိုးဖောက်ခြင်းြဖစ်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက ထောက်ပြသည်။

“ဒီလိုဖမ်းဆီးထားတာက ဥပဒေနဲ့မညီဘူး။ ဖွဲ့စည်းပုံဥပဒေအရ သူတို့ကို (၂၄)နာရီထက်ပိုပြီး စစ်ဆေးမယ်ဆိုရင် နီးစပ်ရာ တရားသူကြီးထံကနေ ချုပ်ရမန်ယူရမယ်။ ပြီးမှသာ ဆက်လက် စစ်ဆေးပိုင်ခွင့်ရှိတယ်။ အခုလို ဖမ်းဆီးထားတာကတော့ လူ့အခွင့်အရေးကိုလည်း ချိုးဖောက်ရာရောက်တယ်။ ဒီလိုဥပဒေနဲ့မညီဘဲ ဖမ်းဆီးတာတွေကို ကျူးလွန်တဲ့သူတွေကိုလည်း တရားဥပဒေအရ အရေးယူသင့်တယ်” ဟု ၎င်းက ဆိုသည်။

ဦးစိန်ဝင်းမောင် အချိန်ကြာမြင့်စွာ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့်ကိစ္စအား ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ထံ မိသားစုဝင်များက တိုင်ကြားထားသည်။

ထို့ကြောင့် ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ကလည်း ယခုကိစ္စအား စိစစ်အရေးယူပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ စာဖြင့်တိုင်ကြားထားကြောင်း သိရသည်။

ယနေ့ဇွန်လ ၁ ရက်နေ့တွင် ဦးစိန်ဝင်းမောင်နှင့် ကိုဆိတ်ဖားတို့နှစ်ဦးအား မြောက်ဦးမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ကာ လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် ထပ်မံရုံးချိန်းပေးလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

၎င်းတို့နှစ်ဦး၏အမှုနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ်ရဲစခန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here