မိုင်းထိမှန်သဖြင့် ပုဏ္ဏားကျွန်းဒေသခံနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

0
192

၂၅ မေ ၂၀၂၀

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေးကျေးရွာအုပ်စု ကံသစ်ကျေးရွာမှ ကျေးရွာသားနှစ်ဦးသည် မေ ၂၄ ရက် နေ့လည် (၁) နာရီ အချိန်ခန့်က မိုင်းထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ကံသစ်ကျေးရွာ ဆယ်အိမ်မှူး ဦးကံထွန်းအောင်က ပြောသည်။

ကံသစ်ကျေးရွာနေ ဦးထွီးအောင် (၄၀)နှစ်သည် ကျေးရွာအနီး မင်းမတောင်တန်းသို့ ထင်းရှာသွားစဉ် မိုင်းထိမှန်ခဲ့သဖြင့် ကျေးရွာသားအချို့မှ သွားရောက်ကူညီစဉ် ဦးအောင်ဇံဝေ (၄၂) နှစ်မှာ ထပ်မံမိုင်း ထိမှန်ခဲ့ကြောင်း သိရသည်။

“ထင်းခုတ်ဖို့သွားရာမှာ မိုင်းထိတာပါ။ မိုင်းထိတော့ ကျနော်တို့ ရွာသားတွေက အဲဒီကိုတန်းပြီးတော့သွားပါတယ်။ အဲဒီအချိန်မှာ နောက်တစ်ယောက်ထိပါတယ်။ နှစ်ယောက်ပြိုင်တူ မိုင်းထိတာ မဟုတ်ပါဘူး ”ဟု ၎င်းကပြောသည်။

မိုင်းထိမှန်သူ နှစ်ဦးလုံးမှာ ဘယ်ဘက် ခြေထောက်ပြတ်ထွက်သွားခဲ့သဖြင့် ပုဏ္ဏားကျွန်းဆေးရုံတွင် ဆေးကုသမှုခံယူရန်ပို့ဆောင်ထား ကြောင်းသိရသည်။

“ ဒဏ်ရာအခြေအနေကတော့ ဘယ်ဖက်ခြေထောက်တစ်ဖက် မရှိတော့ဘူး။ ခြေသလုံးနားကနေ ပြတ်သွားတယ်။ ပထမဆုံး မိုင်းထိတဲ့သူမှာလည်း အဲဒီလိုဖြစ်သွားတယ်။ ဒုတိယမိုင်းထိတဲ့ သူမှာလည်း အဲဒီလိုဖြစ်သွားပါတယ်” ဟု ဦးကံထွန်းအောင်က ဆိုသည်။

အဆိုပါ ကံသစ်ရွာသားနှစ်ဦးမိုင်းထိမှန်မှုသည် မှန်ကန်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

ယင်းမိုင်းများမှာ မည့်သည့်နက်လက်အကိုင်အဖွဲ့အစည်းများက ထောင်ထားသည့် မိုင်းဖြစ်သည်ကို မသိရှိရပေ။

ယင်းကျေးရွာအနီး မင်းမတောင်တန်းတစ်လျှောက်တွင် ပြီးခဲ့သည့် (၂၀၁၉) မတ်လနှင့်အောက်တိုဘာလအတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲအကျိုးဆက်အနေဖြင့် မိုင်းထိမှန်မှု၊ ကျည်ထိမှန် မှုများကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုများလည်း တစ်နေ့တစ်ခြား ပိုများလာနေသည်။

DMG- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here