ဆောင်းရာသီကာလအတွင်း ပလက်ဝစစ်ဘေးရှောင်များ အနွေးထည်နှင့်စောင် အခက်အခဲရှိလာနိုင်

0
230

၆ နို၀င်ဘာ ၂၀၂၀။

ဆောင်းရာသီစတင်၀င်ရောက်လာပြီဖြစ်သည့်အတွက် ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းများတွင် ခိုလုံနေကြရသည့် စစ်ဘေးရှောင်ပြည်သူများသည် အနွေးထည်နှင့်စောင်များလုံလောက်မှုမရှိသဖြင့် အခက်အခဲရှိလာနိုင်သည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှသိရသည်။

ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) အဖွဲ့မှ မနန်းဝေက “ဒုက္ခသည်စခန်းတွေမှာက ခုကအေးလာပြီ၊ သူတို့ပြောင်းလာတုန်းက မတ်လ နွေဖြစ်တဲ့အတွက် အဝတ်အစားက အဲလောက်မပူရပေမယ့် ခုက အေးလာတဲ့အတွက် အနွေးအထည်က လိုလာတယ်၊ ကလေးတွေကလည်း အနွေး အထည်မရှိဘူးလို့ ဖုန်းဆက်လာကြတယ်၊ အပြင်မှာလည်း လွယ်လွယ်ကူကူ ဝယ်လို့မရဘူး၊ အဓိကတော့ ဆန်တွေကိုဘဲ အဓိက သယ်ယူနေရတဲ့အတွက် အဝတ်အစားတွေပိုင်းက ဉီးစားပေးလို့မရဘူးဖြစ်နေတယ်၊ အဲဒါကြောင့် စစ်ဘေးရှောင် တွေအတွက်ရော ဒေသခံတွေအတွက်ရော စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်” ဟု ပြာသည်။

လက်ရှိတွင် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်ဆက်သွယ်ထားသည့် လမ်းကြောင်းများကို ပိတ်ထားသဖြင့် အရေးတကြီး လိုအပ်သည့် ဆန်များကိုသာ အဓိကထားသယ်ယူနေရပြီး ကျန်သည့်ပစ္စည်းများကို သယ်ယူနိုင်ခြင်း မရှိသလောက် ဖြစ်နေကြောင်း မနန်းဝေကပြောသည်။

ပလက်ဝဒေသရှိ စစ်ဘေးရှောင်အများစုမှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်နှစ်ဘက်ကြား တိုက်ပွဲပြင်းထန်ခဲ့သည့် မတ်လပိုင်းတွင် စစ်ရှောင်အဖြစ် ရောက်ရှိခဲ့ကြသဖြင့် အများစုမှာ အနွေးအထည်များနှင့် စောင်များ မယူဆောင်ခဲ့ရကြေ ကြာင်း ပလက်၀မြို့မှစစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးဂျာလှအောင်ကပြောသည်။

“ဆောင်းရာသီရောက်လာတော့မယ်ဆိုတော့ ဒုက္ခသည်တွေအနေနဲ့ အနွေးအထည်ပိုင်းဘဲဖြစ်ဖြစ်၊ စောင်တွေဘဲဖြစ်ဖြစ်အ ခက်အခဲရှိလာနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီကိုထွက်လာတုန်းက တစ်ချို့ကျတော့ ယူလာတဲ့သူရှိတယ်၊ ဒါပေမယ့် မယူလာတဲ့သူပိုများတယ်၊ ရွာဘက်မှာကလည်း အိမ်တွေလည်း လောင်သွားတာတွေလည်းရှိတော့ ဘာမှသိပ်မယူလိုက်ရ ဘူး၊ ဆောင်းရာသီရောက်ရင်တော့ အနွေးထည်ပိုင်းမှာ အခက်အခဲရှိနိုင်တယ်၊ လောလောဆယ် လှူဒါန်းထားတာတွေ လည်းမရှိသေးပါဘူး”ဟု ဦးဂျာလှအောင်ကပြောသည်။

ချင်းပြည်နယ်အစိုးရအနေနှင့် ပလက်ဝဒေသရှိ စစ်ရှောင်ဒုက္ခသည်များအတွက် အဝတ်အစားများနဲ့အသုံးအဆောင်ပစ္စည်း များ ထောက်ပံ့ပေးရန် လက်ရှိတွင် အစီအစဉ်အရှိသေးဘဲ ရွေးကောက်ပွဲပြီးမှသာ စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဉီးစိုးထက်မှပြောသည်။

“လောလောဆယ်တော့ ဟားခါးတို့ ထန်တလန်တို့ အခြားပြည်တွင်း ပြည်ပ တော်တော်များများက လှူဒါန်းတာတွေရှိပါတယ်၊ စောင်တွေ ကလေးဝတ်ရော လူကြီးဝတ်တွေရောပေါ့၊ ငွေသားနဲ့လှူတာလည်းရှိတယ်၊ အဲဒါတွေကို စစ်ဘေးရှောင်စခန်းရှိတဲ့ နေရာတွေကို ပို့ပေးပါတယ်၊ ဒါပေမယ့် လုံလောက်မှုတော့မရှိပါဘူး၊ အစိုးရအနေနဲ့ကတော့ လက်ရှိအနေနဲ့ အစီအစဉ်ဆွဲထားတာတော့ လောလောဆယ်မရှိသေးဘူး၊ အခုကာလကလည်း ရွေးကောက်ပွဲ မဲဆွယ်သွားနေတာဆိုတော့၊ ရွေးကောက်ပွဲ ပြီးသွားရင်တော့ အဲဒီကိစ္စကို ပြန်တိုင်ပင်သွားမှာပါ” ဟု စည်ပင်ဝန်ကြီး ဉီးစိုးထက်မှပြောသည်။

တမ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုလက်ရှိ ပလက်၀မြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ( ၄၈၀၀) ကျော်၊ ဆမီးမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၃၃၀၀ ကျော်၊ မီးဇာကျေးရွာစစ်ဘေးရှောင်စခန်းတွင်လူဦးရေ (၅၀၀) ကျော်၊ စိမ့်စင်းကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ရှိပြီး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူတစ်သောင်းနီးပါးခန့်ရှိကြောင်းသိရသည်။

ခိုနူမ်းသုန် မှ ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here