ထီးလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူး သေဆုံး

0
157

၃ နိုဝင်ဘာ ၂၀၂၂

မကွေးတိုင်း ထီးလင်းမြို့နယ်က ကျေးရွာတွေကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကြောင်းမှူးအပါအဝင် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁) ရက်နေ့က ကျားခဲကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ အင်အား (၁၀၀) ဝန်းကျင်ပါတဲ့စစ်ကြောင်းကို ယောကာကွယ်ရေးတပ်-YDF (ထီးလင်း) က တိုက်ခိုက်ခဲ့တဲ့အတွက် ငါးဦးသေဆုံးပြီး လေးဦးမှာ ဆေးကုသခံနေရတာပါ။

ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ဟာ ပါးမျဉ်းရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး နေရာမှာတင် လေးဦးသေဆုံးခဲ့ပြီး စစ်ကြောင်းမှူးက ခါးထိသွားလို့ ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမှာ အထိနာခဲ့တဲ့ အဲ့ဒီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပါးမျဉ်းကျေးရွာအတွင်း ကိုသေနတ်တွေပစ်ဖောက်ဝင်ရောက်လာပြီး ညနေပိုင်းမှာတော့ ထီးလင်းမြို့ပေါ်ကို ပြန်သွားတယ်လို့ သိရပါတယ်။

ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၄၀) ထက်မနည်း သေဆုံးထားပါတယ်။

ကျားခဲကျေးရွာဟာ စစ်ကောင်စီရဲ့ နိုဝင်ဘာလ (၁) ရက်နေ့ မနက်အစောပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် ပြည်သူပိုင်နေအိမ် (၁၄) လုံးမီးလောင်ခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆိုင်ကယ်တစ်စီးလည်း မီးလောင်တဲ့အထဲပါသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းတွေကြောင့် ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ တစ်သိန်းဝန်းကျင်အထိရှိနေတယ်လို့ စစ်ရှောင်အရေးကူညီသူတွေဆီက သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here