ထားဝယ်မြို့နယ် ဘဝပင်ရွာမှ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော ဒေသခံတစ်ဦး အလောင်းသာပြန်တွေ့

0
102

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်။

ထားဝယ်မြို့နယ်၊ ဘဝပင်ကျေးရွာတွင် ခေတ္တတပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဘုန်းကြီးလူထွက်တစ်ဦးကို ပစ်သတ်ပြီး အလောင်းကို အမှိုက်ပုံတွင် စွန့်ပစ်ထားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဘဝပင်ကျေးရွာက ရွာသား ၁၀၀ ကျော်ကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ပြန်လွှတ်ပေးချိန်တွင် ရွာသားတစ်ဦးပျောက်ဆုံးနေ၍ လိုက်လံရှာဖွေရာမှ ကျေးရွာထိပ်ရှိ အမှိုက်ပုံတွင် အလောင်းကို သေနတ်ဒဏ်ရာဖြင့် ပြန်တွေ့ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ပြန်လည်လွတ်မြောက်ရာမှာ ပါဝင်ခဲ့သူ အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “သေသွားတဲ့သူက ဘုန်းကြီးလူထွက် ရွာသားတစ်ယောက်ပါ။ စစ်တပ်ကဖမ်းထားပြီး လမ်းပြလုပ်ခိုင်းနေတာ။ ဒီလိုလုပ်သွားမယ် မထင်မိဘူး” ဟု ပြောသည်။

စစ်တပ်က ပစ်သတ်သွားသူသည် ဦးကျော်မိုး အသက် ၅၀ နှစ်ဆိုသူဖြစ်သည်။

ဘဝပင်ကျေးရွာကို စက်တင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်တပ်ဖွဲ့များ ရောက်ရှိလာပြီး ရွာသား ၁၀၀ လောက်ကို ဖမ်းဆီးထားခဲ့ပြီး သီတင်း တပတ် အကြာခန့် တပ်စွဲထားပြီး စက်တင်ဘာလ ၁၄ ရက်နေ့၊ ညပိုင်းတွင် ထားဝယ်ဘက်သို့ ပြန်ထွက်သွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းတပ်စွဲထားချိန် ဖမ်းဆီးထားသည့် ရွာသားလူငယ်များကို ရိုက်နှက်နှိပ်စက်ခြင်းများအပြင် ဈေးဆိုင်နှင့် နေအိမ်များကို ရိုက်ဖျက်ဝင်ရောက်ပြီး အစားအသောက်များ၊ အရက်ဘီယာများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ ယူသွားခဲ့သေးသည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။

စက်တင်ဘာ ၆ ရက်နေ့က ဘဝပင်ရွာကို ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here