ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာကို စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်ဗုံးကျဲကာ မီးရှို့သဖြင့် အရပ်သားလေးဦး သေဆုံး

0
96

၂၂ သြဂုတ် ၂၀၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ် ဘန့်ဘွေးကုန်းကျေးရွာတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သာများကို KIA နှင့် PDF ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သည် ဘန့်ဘွေးကုန်းရွာကိုလေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင်လည်းရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှသိရသည်။

ဘန့်ဘွေးကုန်းရွာ ဘုန်းကြီးကျောင်းနှင့် ကျေးရွာတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများကို KIA၊ ကသာမြို့နယ် PDF နဲ့ ကျောက်ထုံးကြီး PDF တို့က ယနေ့ နံနက် ၅ နာရီအချိန်တွင်သွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သောကြောင့် တိုက်ပွဲ ဖြစ်ပွားမှုအပြီး ၂ နာရီခန့်ကြာပြီးနောက် ဂျက်ဖိုက်တာဖြင့်ဗုံးကျဲခြင်း၊ မြေပြင်တွင် ကျေးရွာကိုမီးရှို့ခြင်းများပြုလုပ်နေကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းကိုပြောသည်။

“မနက်ကတိုက်ပွဲက ကိုးနာရီလောက်မှာနားတာ လေယာဥ်နဲ့က ၁၁ နာရီလောက်မှာ လာကျဲသွားတယ်ဗျ ဘန့်ဘွေးရွာကို ဗုံးငါးလုံးကျဲကျသွားတယ် ကသာကနေလည်း အင်အားလေးဆယ်လောက် စစ်ကူလာတယ် သူတို့ရောက်တာနဲ့ မြေပြင်မှာလည်း ရွာကိုမီးရှို့တော့တာပဲ ကသာမြို့ထဲကနေတောင် မီးခိုးလုံးတွေမြင်နေရတယ် နေအိမ်တွေတော့ မီးလောင်သွားတာပေါ့ ဘယ်နလုံးလောင်တယ်တော့ သေချာမသိရသေးဘူး ဘုန်းကြီးကျောင်းလည်း မီးလောင်သွားတယ်တဲ့ ရွာကို ဘယ်သူမှပြန်ကပ်မရတော့ သေချာမသိရသေးဘူး” ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူကပြောသည်။

လက်တလော စစ်ကောင်စီတပ်များ ဘန့်ဘွေးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးနေဆဲဖြစ်ပြီး စစ်သားများရှိနေဆဲဖြစ်သောကြောင့် ကျေးရွာရှိနေအိမ်များ မီးလောင်သည့်အရေအတွက်ကို မသိရှိရသေးကြောင်း သိရသည်။

ထို့အပြင် ကသာမြို့တွင်းရှိ ၃၀၉ တပ်မှလည်း ဘန့်ဘွေးကုန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့်အချက်ပေါင်းများစွာ ပစ်ကူသောကြောင့် ကျေးရွာတွင်း သုံးလုံးခန့်ကျရောက်ပေါက်ကွဲရာ အရပ်သားလေးဦးထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။

“အဲ့ဘန့်ဘွေးရွာထဲမှာတော့မကျဘူး ဘန့်ဘွေးရွာအလွန်နား အထက်ဘက်မှာ ရှိတဲ့ သစ်ဖြူကုန်းရွာကို ကျတာ ရွာသား လေးယောက်ထိမှန်ပြီးသေဆုံးတယ်တဲ့ ဘယ်သူဘယ်ဝါဆိုတာတော့ အသေးစိတ်စုံစမ်းနေတုန်း” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘန့်ဘွေးရီာကို ဂျက်ဖိုက်တာနှစ်စီးဖြင့် ၁၅ မိနစ်ခန့်ဗုံးလာကျဲပြီး ကသာမြို့တွင်းဘက်သို့ ပြန်ဆုတ်ခွာသွားကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ဘန့်ဘွေးကုန်းကျေးရွာ တိုက်ပွဲသည် သုံးနာရီခန့်ကြာ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး PDF ဘက်က လေးဦး မစိုးရိမ်ရ ဒဏ်ရ ရရှိခဲ့ကာ စစ်ကောင်စီတပ်ဘက်များ အထိအခိုက်များခဲ့သောကြောင့် ယခုကဲ့သို့ကျေးရွာကို မီးရှို့ လက်နက်ကြီးဖြင့် ရမ်းပစ်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကသာမြို့နယ်အတွင်းတွင် ယခုလ လဆန်းပိုင်းမှစတင်ကာ ရှမ်းမြောက်ဘက်မှဆင်းလာသည့် 121 တပ်၊ ကသာမြို့တွင်းမှ ၃၀၉ တပ်မှလက်အောက်ခံတပ်ရင်းများနှင့် ရွှေကူမြို့တွင်းမှဝင်လာသည့် စစ်ကြောင်းများဖြင့် ဧရာဝတီမြစ် ရှေ့ခြမ်းနောက်ခြမ်းများတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင့်ဖြန့်ဝင်ရောက်နေပြီး စစ်ရေးတင်းမာနေသည့်အနေအထားတွင်ရှိနေကြောင်း သိရသည်။

သြဂုတ်လ ၈ ရက်နေ့ မန္တလေးဘက်မှ ဗန်းမော်ဘက်သို့ စစ်အင်အားနှင့် စားနပ်ရိက္ခာအပြည့် တင်ဆောင်ထားသည့် သင်္ဘော ၆ စီး ဆန်တက်လာသည့်အချိန်မှစတင်ပြီး ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် နှစ်ဖက်တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here