ဇနီးသည်ရဲ့ အသုဘပြုလုပ်နေစဉ် လက်နက်ကြီးကျရောက်ပြီး ခင်ပွန်းဖြစ်သူပါ သေဆုံး

0
266

၈ သြဂုတ် ၂၀၂၂

ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာအတွင်း လူကြီးရောဂါနဲ့ ဆုံးပါးသွားတဲ့ ဇနီးဖြစ်သူရဲ့ အသုဘပြုလုပ်နေစဉ် ည ၉ နာရီအချိန်မှာ လက်နက်ကြီးကျရောက်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ထိမှန်သေဆုံးခဲ့တယ်လို့ ဩဂုတ်လ ၅ ရက်နေ့ မှာ ဖယ်ခုံ PDF ကထုတ်ပြန်ထားပါတယ်။

“အဲ့ဒီရွာမှာ အသုဘရှိနေတာ။ အဲ့ဒီအမျိုးသားရဲ့ မိန်းမက နေ့လည်ပိုင်းက ဆုံးသွားလို့လေ။ ညပိုင်းတော့ လက်နက်ကြီးက ရွာထဲကိုပစ်လာတာ။” လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်ပြီးသေဆုံးသွားသူဟာ အသက် (၇၀) အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကျောဘက်မှာလက်နက်ကြီးစ ထိမှန်ထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖယ်ခုံမြို့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်-၇ (စကခ ၇) ကနေ လက်နက်ကြီး ၇ လုံးလောက် ရမ်းသန်းပစ်ခတ်လာတာဖြစ်တယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု အချိန်မရွေးလုပ်ဆောင်နိုင်တာကြောင့် ပြည်သူအနေနဲ့ မိမိလုံခြုံရေးကို အမြဲသတိရှိကြဖို့ အသိပေးထားပါတယ်။

အခုလို စစ်ကောင်စီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုဟာ နိုင်ငံတကာမှာ ချမှတ်ထားတဲ့ စစ်စည်းကမ်းတွေကို ဗြောင်ဗြောင်တင်းတင်းချိုးဖောက်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) အတွင်းရေးမှူး (၃) ခူးရီးရယ် ပြောဆိုပါတယ်။

“ဒီနောက်ပိုင်းမှာဆိုလို့ရှိရင် လက်နက်ကြီးတွေနဲ့ ပြည်သူလူထုတွေ အထူးသဖြင့် စစ်ဘေးရှောင်နေတဲ့နေရာ ဆိုလို့ရှိရင် သူတို့တွေက ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေ လှမ်းထုတာတွေ ပိုပြီးတော့ လုပ်ဆောင်လာတာတွေ တွေ့ရတယ်။ ဒါက ဘာကိုပြသတာလဲ ဆိုလို့ရှိရင် စစ်ကောင်စီက ဒီထက်ပိုပြီး ကျနော်တို့ကို ရက်စက်လိမ့်မယ်။ ရက်လည်း ရက်စက်နေတယ်။ ဒီထက်ပိုပြီးတော့မှလည်း အပြစ်မဲ့တဲ့ ပြည်သူလူထုအပေါ်မှာ ကောက်ကျစ်လိမ့်မယ်ဆိုတဲ့ ဥစ္စာကတော့ ကျနော်တို့ အဲ့လိုမျိုး ယူဆရတယ်။ နိုင်ငံတကာမှာ ချမှတ်ထားတဲ့ ဒီ စစ်ဖက်ဆိုင်ရာမှာဆိုလို့ရှိရင်တော့ အရပ်သား ပစ်မှတ်နဲ့ ရန်သူ့ ပစ်မှတ်ဆိုတာ ခွဲခြားရမယ်ဆိုတဲ့ ဥစ္စာတွေရှိတယ်။ ဒါပေမယ့် သူတို့တွေက ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်နေတာပဲပေါ့လေနော။” လို့ ခူးရီးရယ်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားရှိရာကို လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုတွေ စစ်ကောင်စီက ဒီနောက်ပိုင်း ပိုမိုလုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာကို လက်နက်ကြီးကျရောက်ခဲ့ပြီး ထိမှန်ခဲ့တဲ့ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ရသလို ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

မော်မီမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here