တပ်မတော် သုံးလတာ တစ်နိုင်ငံလုံး အပစ်ရပ်ကြေငြာချက် EAO များအပေါ် ချေမှုန်းရေးနည်းပရိယာယ်တစ်ခုသာဖြစ်ကြောင်း KNU Concerned Group ထုတ်ပြန်

0
132

၁၃ မေ ၂၀၂၀။

မေလ ၉ ရက်နေ့က ထုတ်ပြန်ထားသည့် တပ်မတော်၏ ၃လကျော်ကြာ အပစ်ရပ် ကြေညာ ချက်သည် အမှန်တကယ်ငြိမ်းချမ်းရေး လိုလားခြင်းကြောင့် မဟုတ်ကြောင်း KNU Concerned Group က မေလ ၁၂ရက်နေ့တွင် သဘောထားထုတ်ပြန် ပြောဆိုလိုက်သည်။

တပ်မတော်၏ အပစ်ရပ် ထုတ်ပြန်ချက်သည် အမှန်တကယ်ငြိမ်းချမ်းရေး လိုလားခြင်းမဟုတ်ပဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအပေါ် ထိန်းချုပ်ထားနိုင်ရေးနှင့် လက်ရှိတိုက်ပွဲဖြစ်နေဆဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအပေါ် စစ်ဆင်ချေမှုန်းရေးအတွက် နည်းပရိယာယ်တစ်ခုသာဖြစ်သည်ဟု ၎င်းအဖွဲ့က ဆိုသည်။

အဖွဲ့၏ ပြောခွင့်ရ ယခင် KNU ဒု-ဥက္ကဌ ဟောင်း ပဒိုနော်စီဖိုးရာစိန်က “ အရင်က သူတို့(စစ်တပ်)ရဲ့ လုပ်ရိုးလုပ် စဉ်ပါပဲ။ တစ်ဖက်မှာ အပစ်ရပ်ထားပြီး ကျန်တစ်ဖက်ကို ထိုးစစ်ဆင်တာမျိုးပေါ့။ နေရာဒေသအသီးသီးကို အပစ်ရပ်ပေမဲ့ အထူးသဖြင့် ရခိုင်လို ဒေသမျိုးမှာ AAအပေါ် အပစ်မရပ်ဘူးဆိုတာက တစ်ဖက်ကအင်အားကို ပြန်ယူပြီး ကျန်တစ်ဖက်ကို အပြီးသတ်ချေမှုန်ဖို့ဆိုတဲ့ ပုံစံမျိုးရှင်းရှင်းလင်းလင်းပေါ်လွင်နေပါတယ်။ ဒါကြောင့် ဒီလို ထုတ်ပြန်ချက်မျိုးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်သွားလိုတဲ့ ဆန္ဒမရှိဘူးဆိုတာ ပေါ်လွင် နေ ပါတယ်” ဟု ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ပြီးခဲ့သည့်မေလ ၉ရက်နေ့က မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးရေးကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန်နှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာစံနှုန်းအတိုင်း မေလ ၁၀ရက်နေ့မှ သြဂုတ်လ ၃၁ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲလိုက် ကြောင်း ကြေငြာထားသည်။

သို့သော် အဆိုပါ ကြေငြာချက်၌ နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုဟု သတ်မှတ်ကြေညာခြင်းခံထားရသော အဖွဲအစည်းများရှိသည့်နေရာများမှ အပ ကျန်နေရာဒေသများကိုသာ အပစ်ရပ်ကြောင်း ပြောဆို ထားသလို အပစ်ရပ်ကာလအတွင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကာကွယ် ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေး မူဝါဒ (၆)ချက်အနက် ၄ ချက်ကို အလေးအနက်လိုက်နာရန် လည်းပြောဆိုထား သည်။

ယင်းအချက်များအပေါ် အခြေခံပြီး တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ချန်လှပ်ပြီး အပစ်ရပ်ခြင်းသည် အမှန်တကယ် ငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေးကို မလိုလားကြောင်း ပြသနေသလို တပ်မတော်၏ ငြိမ်းချမ်းရေးမူ (၆)ချက်သည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင်သာ လိုက်ပါ ဆောင်ရွက်ရမည်ဖြစ်ရာ တိုင်းရင်းသားလိုက်နက်ကိုင်အဖွဲ့အစည်း များအပေါ် နိုင်ငံရေးပြဿာနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခွင့်မပေးထားသလို ၎င်းတို့အနေဖြင့်လည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုသည့်ဆန္ဒမရှိကြောင်း KNU Concerned Group က ထောက်ပြဝေဖန်ခဲ့သည်။

“တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီ ဆိုတာက အားလုံးပါဝင်ရေးပါပဲ။ အဓိက က နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့ပဲ ဖြေရှင်းဖို့လိုတယ်။ ဒါကြောင့် NCA အပစ်ရပ်ထိုးတဲ့ ဒေသတွေမှာပဲ အပစ်ရပ်တာမျိုးမဟုတ်ပဲ လက်ရှိတိုက်ပွဲဖြစ်တဲ့ ဒေသမှာလည်း အပစ်ရပ်ဖို့ အစိုးရက ညွန်ကြားမှုပေးရမှာဖြစ် သလို စစ်တပ်ကလည်း အပစ်ရပ်ရမှာဖြစ်တယ်။ အကုန်အပစ်ရပ်နိုင်မှပဲ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေ ပေါ်ထွက်လာမှာဖြစ်တယ်” ဟု ပဒို နော်စီဖိုးရာစိန်က ဖြည့်စွက်ပြောဆိုသည်။

တပ်မတော်၏ အပစ်ရပ်ကြေညာချက်၌ အပစ်ရပ်ကာလများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအနေဖြင့် သဘောတူစာချုပ်များအတိုင်းကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် နိုင်ငံတော်၏ ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် လိုအပ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေး မူဝါဒ(၆)ရပ်အနက် ဖော်ပြပါ ၄ချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

၎င်းတပ်မတော်၏ အပစ်ရပ်ကြေညာချက်ကြောင့် မြန်မာပြည်တွင်း၌ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ နှင့် နိုင်ငံရေး ပြဿနာများမှ အပြောင်းအလဲတစ်ခုဖြစ်သွားနိုင်သည့် အနေအထားမရှိဘဲ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့အစည်းအားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲတစ်ခု ဖြစ်ပေါ်လာရန် လိုအပ်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုး က ယခု လိုသုံးသပ်သည်။

၎င်းက “အဓိက ပြဿနာက ကျနော်တို့ ဒီက အပစ်မရပ်နိုင်သေးတဲ့ အဖွဲ့နဲ့ အပစ်ရပ်ဖို့လိုတယ်။ ဒါပေမဲ့ တပ်မ တော်က AA (ရက္ခိုင့်တပ်တော်)ကို အကြမ်းဖက်အဖွဲ့ဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အနေနဲ့ သဘောမထားနို်င်တဲ့ အခြေအနေဖြစ်တဲ့အခါကျတော့ ဒီပြဿနာက ဖြေရှင်းဖို့က အတော်ခက်နေတယ်။ အဲ့ တော့ AAမပါဘူးဆိုတော့လည်း AAရဲ့ မြောက်ပိုင်းမဟာမိတ်အဖွ့ဲတွေ KIA အစရှိသည်ပေါ့ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရမလားဆိုတော့လည်း ရဖို့ကတော့ အခက်အခဲတွေရှိပါတယ်။ တကယ်တမ်း အခုဖြစ်ဖို့ကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် တိုက်နေတဲ့ အဖွဲ့အားလုံး ပါတဲ့ ဒီ စားပွဲဝိုင်း ဆွေးနွေး ပွဲတစ်ခု လိုအပ်တာပေါ့” ဟု ပြောသည်။

ထို့အပြင် လတ်တလော ကပ်ရောဂါ ဖြစ်ပွားမှုအပေါ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကျန်းမာရေး စစ်ဆေးမှု ဂိတ်များကို တပ်မတော်မှ တားဆီး နှောက်ယှက်မှုများ၊ မီးရှို့ဖျက်ဆီးနေမှုများသည်လည်း လက်ရှိ ရောဂါကာကွယ်ထိန်းချုပ်ရေးထက် တိုင်းရင်း သား နယ်မြေဒေသများအပေါ် နယ်မြေစိုးမိုးရေး ဦးတည်ဆောင်ရွက်မှုများသာဖြစ်ကြောင်းလည်း KNU Concerned Group ၏ သဘောထားထုတ်ပြန်ချက်က ဆိုသည်။

NCA အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ယခုတပ်မတော်၏ အပစ်ရပ် မတိုင်မီ ကာလများတွင် ၎င်းတို့ ဒေသများ၌ နှစ်ဖက်ထိတွေ့မှုများ ရှိခဲ့သလို လတ်တလော ရခိုင် နှင့် ချင်းပြည်နယ် အတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်းနေမှုနှင့် အရပ်သား ထိခိုက်သေဆုံးမှုမြှင့်တက်နေသော်လည်း လက်ရှိ တပ်မတော်၏ အပစ်ရပ်ကြေညာ ချက်အပေါ် တစ်စုံတစ်ရာ သဘောထား ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေး ကြောင်း တွေ့ရသည်။

KNU Concerned Group သည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ ဇွန်လပိုင်းတွင် ယခင် ကေအဲန်ယူ ဒု-ဥက္ကဌ ဟောင်း ပဒိုနော်စီဖိုးရာစိန်မှ ဦးဆောင်ဖွဲ့စည်း၍ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက်များကို စောင့် ကြည့်ဖော်ပြသဘောထားထုတ်ပြန်မှုများပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

စအိုင်ဆူး(ကေအိုင်စီ)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here