ပုသိမ်မြို့အဝင်ဂိတ်တွင် ညဘက် ဖြတ်သန်းသူများအား ဖမ်းဆီးကာ စစ်ကောင်စီတပ်သားများက ငွေညှစ်နေဟုဆို

0
140

၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်။

ဧရာဝတီတိုင်း ပုသိမ်မြို့အဝင် စစ်ဆေးရေးဂိတ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညဘက် ဖြတ်သွားဖြတ်လာသူများကို ဖမ်းဆီးကာ ငွေကျပ် နှစ်သိန်း အနည်းဆုံး ငွေညှစ်တောင်းခံနေကြောင်း မြို့ခံများက ပြောသည်။

ဂိတ်မှ ဖြတ်သည့်သူများကို ညဦးပိုင်း စောစောတွင် ပြန်ပေးဆွဲသကဲ့သို့ ဖမ်းထားပြီးနောက် ညဥ့်သန်းခေါင်ကျော်အချိန်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်သူများထံ ဆက်သွယ်၍ အချိန်မတော်ထွက်သည်ဟုဆိုကာ ငွေကျပ် ၂ သိန်းမှ ၃ သိန်းအထိတောင်းပြီး လာရွေးခိုင်းနေခြင်း ဖြစ်သည်ဟု သိရသည်။

“အမှောင်ထဲက လူအုပ်စုလိုက်ထွက်လာပြီး ဆိုင်ကယ်ကို ရပ်ခိုင်းတော့ ဓားပြတိုက်တယ်မှတ်လို့။ နောက်တော့ ဖုန်းကိုစစ်တယ်။ ကိုယ်မှာလည်းရှာတယ်။ ပြီးတော့ ဖမ်းထားပြီး အိမ်ကိုဆက်သွယ်ပြီး လာခေါ်ခိုင်းတယ်” ဟု ပုသိမ်မြို့ ပေါက်ကုန်းဂိတ်တွင် အဖမ်းခံရပြီး ငွေ ၂သိန်းပေး၍ ပြန်လွတ်လာသူတစ်ဦးက ပြောသည်။

မြို့အဝင်ဂိတ် ၃ ဂိတ်အနက် စစ်ဂျင်နီယာတပ်တံဆိပ်ပါသည့် ယူနီဖောင်ဝတ် စစ်သားများပါဝင်သည့် ပေါက်ကုန်းဂိတ်နှင့် စစ်သားအိုကြီး အများစုပါဝင်သည့် ပုသိမ်ကြိုး တံတားဂိတ်တို့က ဖမ်းဆီးငွေညှစ်နေသည့်အပြင် ခြောက်ပေါက်ထဲထည့်ကာ ရိုက်နှက်ပြီးမှ ပြန်လွှတ်ပေးလေ့ရှိသည်ဟု ပြန်လွတ်လာသူအချို့၏ ပြောပြချက်အရ သိရှိရသည်။

ယင်းဂိတ် ၂ ဂိတ်တွင် ည ၇ နာရီ နောက်ပိုင်းမှစ၍ ကင်းပုန်းဝပ်ကာ ချောင်းနေပြီး ဂိတ်အနားသို့ ဆိုင်ကယ်များ ကားများ အနီးရောက်လာမှ ရုတ်တရက်ထွက်လာပြီး စစ်ဆေးဖမ်းဆီးကာ အတင်းအဓမ္မ ငွေညှစ်တောင်းခံနေခြင်းဖြစ်သည်ဟု ငွေညှစ်ခံသူအချို့က ဆိုသည်။

ထို့အပြင် ဖုန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများ၊ NLD ပါတီ တံဆိပ်၊ ခွပ်ဒေါင်းပုံ၊ နွေဦးတော်လှန်ရေးနှင့် သက်ဆိုင်သည့်ပုံများအပြင် NUG ပရိုဖိုင်များတွေ့ရှိပါက ဖမ်းဆီးထောင်ချမည်ဟုဆိုကာ အကြပ်ကိုင် ငွေညှစ်မှုလည်းရှိသည်ဟု သိရသည်။

“ဖုန်းထဲမှာ ဗိုလ်ချုပ်မိသားစုပုံရယ် ဒေါ်အောင်ဆန်းစုကြည်ပုံရယ် save ထားမိတယ်၊ ဒီပုံတွေ လူအများစုမှာ ရှိနေနိုင်တယ်ဗျာ။ အဲ့ဒါကို ပြဿနာရှာပြီး ငွေညှစ်တာ လွန်လွန်းပါတယ်” ဟု ပုသိမ်ကြိုးတံတားဂိတ်တွင် ငွေ ၂ သိန်း အတောင်းခံခဲ့ရသည့် ကားမောင်းသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူအများစုက စစ်ကြောရေးစခန်းသို့ ရောက်ရှိသွားပါက အသက်အန္တရယ်ရှိနေခြင်းနှင့် ပြန်လွတ်ရေးအတွက် သိန်းဆယ်ဂဏာန်းမှ ရာဂဏန်းအထိ ကုန်ကျနိုင်ခြင်းတို့ကြောင့် ယခုကဲ့သို့ ငွေညှစ်တောင်းနေသည်ကို မပေးချင်ကြသော်လည်း ပေးကြရသည်ဟု ငွေညစ်အတောင်းခံရသူ အချို့က ပြောသည်။

ပုသိမ်-မုံရွာ-ရေဦး လမ်းမကြီးပေါ်ရှိ ကိုးဆူကျေးရွာ စစ်ဆေးရေးဂိတ်၊ ပုသိမ်-ချောင်းသာ ကားလမ်းပေါ်ရှိ ပုသိမ်ကြိုးတံတား စစ်ဆေးဂိတ်နှင့် ပုသိမ်-ငပုတောလမ်းပေါ်ရှိ ပေါက်ကုန်းရွာ စစ်ဆေးရေးဂိတ်တို့သည် ပုသိမ်မြို့၏ အဝင်/အထွက်ဂိတ်များ ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here