ပင်လောင်းနှင့် ဖယ်ခံမြို့အစပ်အတွင် စစ်ကောင်စီတပ် ထုတ်ကုန်ပစ္စည်းများအား KNDF ဖျက်ဆီး

0
140

၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့ အစပ်ကြားရှိ ဆိုင်တစ်ဆိုင်တွင် ရောင်းချနေသည့် စစ်တပ် ထုတ်ကုန်များကို ဖယ်ခုံမြို့နယ် အခြေစိုက် KNDF တပ်ရင်း- ၃ က ဖျက်ဆီးခဲ့သည်ဟု သိရသည်။

စစ်တပ်ထုတ်ကုန်များ ရောင်းချခြင်း မလုပ်ရန် စာပို့ထားသည့်အပြင် တပ်ဖွဲ့ဝင်များကိုယ်တိုင်လည်း သွားရောက် သတိပေးပြီးဖြစ်ရာ ဆက်လက်ရောင်းချနေသည့်အတွက် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးရခြင်းဖြစ်သည်ဟု KNDF တပ် ရင်း-၃ တာဝန်ရှိသူက ပြောသည်။

KNDF တပ်ရင်း-၃ အဖွဲ့၏ ထောက်ပို့ တပ်ဖွဲ့ဝင် တစ်ဦးက “အဲ့ဒီ ဆိုင်က BO-3 စာပို့တာလည်း နှစ်ခါရှိပြီ။ ဆက် မရောင်းဖို့လည်း တပ်ဖွဲ့ ကိုယ်တိုင် သွားပြီး သတိပေးပြီးပြီ။ အခု ဖျက်ဆီးတဲ့ ဆိုင်က အဲဒီမှာရှိတဲ့ ရွာသားနဲ့ ရခိုင် ကျောင်းဆရာမ အိမ်ထောင်ကျပြီး ဖွင့်ထားတာ။ သတိပေးတဲ့ကြားက ဆက်ရောင်းလို့ ဖျက်ဆီးပြီး Warning ပေးထားတယ်။ ပြန်ဆက်ရောင်းရင် ဥပဒေအရ အရေးယူ ဆောင်ရွက်မယ်လို့ ခံဝန်ကတိ ထိုးခိုင်းထားတယ်” ဟု ပြောသည်။

ထိုဆိုင်ရှိ စစ်တပ် ထုတ်ကုန်များအား ဇွန်လ ၂၅ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး Red Ruby စီးကရက်၊ မြန်မာဘီယာနှင့် ဒဂုံဘီယာဖာ ၅၀ ပါဝင်သည်ဟု KNDF တပ်ရင်း-၃ က ထောက်ပို့တပ်ဖွဲ့ဝင်က ပြောသည်။

အလားတူ ဇွန်လ ၂၁ ရက်နေ့တွင်လည်း KNDF တပ်ရင်း – ၃ နှင့် ဖယ်ခုံ PDF တို့ပူးပေါင်းကာ ဖယ်ခုံမြို့တွင်းက ဆိုင်များတွင် ရောင်းချနေသည့် စစ်ကောင်စီထုတ် ဒဂုံဘီယာ ဖာ ၅၀၀ ဝန်းကျင်ခန့်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ထိုကဲ့သို့ စစ်တပ်ထုတ်ကုန်များ မကြာခဏ ဖျက်ဆီးခံရခြင်းကြောင့် နောက်ပိုင်းတွင် ဒဂုံဘီယာ ထုတ်ပိုးမှုမှာ ၎င်းတို့၏ လိုဂိုတံဆိပ်များ ဖျောက်ပြီး အဖြူရောင်ဂျပ်ဖာ သီးသန့်ဖြင့်သာ ထုတ်ပိုးလာသည်ဟု သိရသည်။

KNDF တပ်ရင်း-၃ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “ကျနော်တို့ သတင်းထုတ်ပြန်ထားသလိုပါပဲ။ စစ်ဆေးလို့ တွေ့တာနဲ့ ဖျက်ဆီးမှာဖြစ်လို့ ဝယ်ရောင်းတဲ့သူတွေပဲ နစ်နာမှာပါ။ စစ်တပ်ထုတ်ကုန်တွေကို ဝယ်ယူလိုက်တဲ့ငွေဟာ အပြစ်မဲ့ပြည်သူတွေနဲ့ PDF တွေကို သတ်မယ့် လက်နက်ဖိုးပါပဲ။ ဒါကြောင့် စစ်တပ် ထုတ်ကုန်တွေ ထပ် မရောင်းပါနဲ့။ အသိပေးစာတွေလည်း မကြာခဏ ထုတ်ပြန်ထားပြီးဖြစ်လို့ ကျနော်တို့က တွေ့တာနဲ့ ဖျက်ဆီးမှာပါ” ဟု ပြောသည်။

အဆိုပါ စစ်တပ် ထုတ်ကုန်များအား ဖျက်ဆီးမှုမှာ KNDF တပ်ရင်း ၃ အနေဖြင့် ဖယ်ခုံမြို့နယ်အတွင်း ယခု ၈ ကြိမ်မြောက် ဖျက်ဆီးခြင်းဖြစ်ပြီး ဖယ်ခုံမြို့ နေရာအနှံ့အပြားတွင်လည်း စစ်တပ်ထုတ်ကုန်များ ရောင်းချခြင်းမပြုရန် သတိပေးစာများ ကပ်ထားသည်ဟု သိရသည်။

KNDF တပ်ရင်းအားလုံးသည် ကရင်နီပြည်နယ်အတွင်း၌သာ စစ်ရေးလှုပ်ရှားလျက်ရှိပြီး KNDF တပ်ရင်း ၃ တစ်ခုတည်းသာလျှင် ဖယ်ခုံမြို့နယ်အတွင်းရှိ အခြားသော PDF အဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here