အာဏာသိမ်းစစ်တပ်အနေဖြင့် အမျိုးသမီးများအား လူသားဒိုင်းအဖြစ် အသုံးပြုမှု ပိုများလာဟုဆို

0
95
Photo: The military abducted the people from Shwepyiaye village on October 27th, 2021.

၂၀၂၂ ခုနှစ် မေလ ၂၄ ရက်။

စစ်ရေး ပဋိပက္ခများဖြစ်ပွားနေသည့် တိုင်းရင်းသား ပြည်နယ်အချို့တွင် အမျိုးသမီးများကို စစ်ကောင်စီတပ်က ပေါ်တာထမ်းရန်နှင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများကို စစ်တပ်အာဏာသိမ်းလိုက်သည့် နောက်ပိုင်းတွင် ပိုမိုလုပ်ဆောင်လာသည်ဟု အမျိုးသမီးအဖွဲ့များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

အထူးသဖြင့် စစ်ရေးပဋိပက္ခ ပြင်းထန်စွာဖြစ်ပွားနေသည့် ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်များတွင် စစ်ကောင်စီတပ်က အမျိုးသားများကို သာမက အမျိုးသမီးများကိုပါ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်မှုများကို ပိုမိုလုပ်ဆောင်နေသည်ဟု ဆိုသည်။

ကရင်အမျိုးသမီး အစည်းအရုံး KWO တွဲဖက် အတွင်းရေးမှူး ၂ နော်စေးစေးဟဲက “စစ်တပ်က အာဏာသိမ်းပြီး တဲ့ နောက်ပိုင်းမှာ ကျမတို့ ဒီအခု ကရင်ပြည်နယ်ထဲမှာ ဆိုလို့ရှိရင် ဒီအမျိုးသမီး ပေါ်တာဆွဲတာတော့ များလာ တာပေါ့နော်။ အဲဒါသူတို့ အမျိုးသမီးတွေကို ဓားစာခံအဖြစ်နဲ့ ဒီလမ်းပြ အနေနဲ့ခေါ်တယ် ဓားဓာခံအဖြစ်နဲ့ခေါ်တယ်။ သူများသူတို့ကို ပစ်မှာကြောက်လို့လေနော။ လူသားဒိုင်းပုံစံ ခေါ်သွားတာ” ဟု ပြောသည်။

ထို့အပြင် အမျိုးသမီးများက စစ်ကောင်စီတပ်သားများ၏ ပစ္စည်းများကိုလည်း သယ်ပေးရသည်ဟု နော်စေးစေးဟဲက ဆက်ပြောသည်။

၎င်းက “အမျိုးသမီးတွေကို ခေါ်တာတောင် မကသေးဘူး။ သူတို့ ပစ္စည်းတွေ သူတို့ ကီလိုဆယ်ပိဿာ လောက်ရှိ တဲ့ ပစ္စည်းတွေ သူတို့ရဲ့ဆန် သူတို့ရဲ့ ပစ္စည်းတွေကိုလည်း သယ်ခိုင်းတယ်။ အမျိုးသမီးတွေက သယ်လို့ မနိုင်ဘူး မသယ်နိုင်ဘူးဆိုလို့ရှိရင် အဲလိုပြောလို့ရှိရင် သူတို့တွေက သေနတ်ဒင်နဲ့ ရိုက်ပစ်တာလည်း ရှိတယ်ပေါ့နော်” ဟု ပြောသည်။

သို့သော် ပေါ်တာထမ်းရန်နှင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အမျိုးသမီး အရေအတွက်ကို တိတိကျကျ ရယူနိုင်ရန် ခက်ခဲမှုများရှိနေသည်ဟု ဆိုသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက “စစ်အာဏာသိမ်းပြီးကတည်းက ကျနော်တို့ မှတ်တမ်းပြုစုချက်တွေ့ရှိချက်အရတော့ ဒါတဖြည်းဖြည်းနဲ့များ လာတယ်လို့တော့ ပြောလို့ရတာပေါ့ ဘာလို့ လဲဆိုလို့ရှိရင်တော့ ၂၀၂၁ ခုနှစ်အတွင်းမှာ ဖြစ်စဉ် နှစ်ခုသုံးခုလောက် ကျနော်တို့က မှတ်တမ်းတင်ပြီးပြီ။ နောက် ပိုင်းမှာ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာလည်း ဆက်လက်ဖြစ်ပွားနေတာ ကျနော်တို့တွေ့ရှိ ရတာပေါ့နော်။ အဲဒါ ကြောင့်မို့လို့ များလာတယ်လို့ ကျနော်တို့ ပြောလို့ရတယ်” ဟု ပြောသည်။

စစ်ရေး ပဋိပက္ခများဖြစ်ပွားနေသည့် ဒေသရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က ကျေးရွာများထဲသို့ ဝင်ရောက် လာသည့်အခါ အမျိုးသားများကို ပေါ်တာထမ်းရန် ဖမ်းဆီးခေါ်ဆောင်မှုများကို လုပ်ဆောင်လာသည့်အတွက် အမျိုးသားများက ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

အမျိုးသားများ ကျေးရွာထဲတွင် မရှိသည့်အတွက်ရှိနေသည့် အမျိုးသမီးများကို ပေါ်တာထမ်းရန်နှင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများကို စစ်ကောင်စီတပ်က ပစ်မှတ်ထားလုပ်ဆောင်လာသည်ဟု KWO က ပြောသည်။

လက်ရှိ ကရင်ပြည်နယ်ထဲက စစ်ရေး ပဋိပက္ခဖြစ်နေသည့် KNU တပ်မဟာ ၁ သထုံ (ဒူးသထူခရိုင်)၊ တပ်မဟာ ၆ မြဝတီ (ဒူးပလာယာခရိုင်) နှင့် တပ်မဟာ ၅ ဖာပွန် (မူတြော်ခရိုင်) တို့တွင် စစ်ကောင်စီတပ်က ဒေသခံများကို ပေါ် တာထမ်းရန်နှင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများကို အများဆုံးလုပ်ဆောင်နေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဆိုသည်။

၎င်းက “ဒီတပ်မဟာ ၁ ဖက်ခြမ်းမှာ အထူးသဖြင့် ဒီစက်တင်ဘာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရွာသား ၄၀၀ ကျော် ဖမ်းဆီးမှုမှာ ဆိုလို့ရှိရင် အမျိုးသမီးတွေကို သူတို့ကနေ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း သယ်ခိုင်းတာမျိုးတွေ ပြုလုပ်တာတွေ ရှိတယ်။ ပြီးလို့ရှိရင်လည်း စစ်သားတွေ ကြားမှာသော်လည်းကောင်း စစ်သားတွေ အရှေ့မှာ သော်လည်းကောင်းပေါ့လေ သွားခိုင်းတာပေါ့ အဲလိုမျိုး လုပ်ဆောင်တာတွေရှိတယ်။ ပြီးလို့ရှိရင် ကျနော်တို့ ဒီ တပ်မဟာ ၅ ဖက်ခြမ်းမှာလည်း အဲလိုမျိုးပဲ အမျိုးသမီးတွေကို ဖမ်းဆီးတယ်။ ပြီးရင်တော့ ဒီလမ်းပြအဖြစ်ပေါ့နော စစ်သားတွေရဲ့ ရှေ့မှာထားပြီးမှ သွားခိုင်းတာမျိုးတွေရှိတယ်။ အဲဒါ ဆိုလို့ရှိရင်တော့ ကျနော်တို့ တပ်မဟာ ၁ ရယ် တပ်မဟာ ၅ ရယ် တပ်မဟာ ၆ ရယ်ဖြစ်ပွားခဲ့တာပေါ့” ဟု ပြောသည်။

ယခုလ မေလ ဒုတိယပတ်တွင်လည်း KNU တပ်မဟာ ၁ နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းက ဒေသခံ ၉၀ ကျော်ကို စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု KHRG က ပြောသည်။

ထိုဒေသခံများမှာ မေလ ၂၃ ရက်နေ့ ယနေ့အချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးဟု သိရသည်။

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်က အမျိုးသမီးများကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သည့်နည်းတူ ကရင်နီပြည်နယ်ဖက်တွင်လည်း စစ်ကောင်စီတပ်က အမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်မှုများရှိသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) တွဲဖက်အတွင်းရေးမှူး – ၁ ဇူဇူး က ပြောသည်။

၎င်းက “ရွာသူတွေပဲ ကိုယ့်ရဲ့ ဒေသမှာ ဆန်စပါး စိုက်ပျိုးရင်းနဲ့ တောင်ယာသွားရင်းနဲ့ အဖမ်းခံရတာရှိတယ်။ ဒါမျိုး တွေပေါ့။ ဆိုတော့ ဒါက အမျိုးသမီးမှ မဟုတ်ဘူး။ အမျိုးသားတွေလည်း အများစု ကြုံရတယ်ပေါ့နော။ အဲဒီထဲမှာမှ အမျိုးသမီးတွေလည်း ပါဝင်တယ်ဆိုတဲ့ဟာတော့ ကျမတို့ ဒီကရင်နီပြည်နယ်က တချို့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ဒီထုတ်ပြန်ကြေညာချက်တွေ ဒီစစ်တမ်းတွေအရတော့ ကျမတို့ တွေ့ရတယ်ပေါ့လေနော။ အရင်တုန်းကလည်း အဲလိုမျိုး ပေါ်တာတွေဘာတွေကတော့ ကျမတို့ ဒီစစ်ဖြစ်တဲ့ ဒေသတွေမှာတော့ ရှိလေ့ရှိ ထရှိပေမယ့် တကယ်လို့ ပြည်တွင်းစစ်ဖြစ်နေတဲ့ ပြည်နယ်တွေ မဟုတ်ဘူးဆိုရင်တော့ အဲဒီကိစ္စတွေကတော့ သိပ်ကြားလေ့ကြားထ မရှိဘူးပေါ့နော။ ဒါပေမယ့် အခုနောက်ပိုင်းကတော့ အာဏာသိမ်းမှုတွေ ဖြစ်ပြီးနောက် ပိုင်းဆိုရင်တော့ ပိုပြီးဖြစ်လာတာပေါ့လေ။ ဒီဟာပိုကြားလာတာပေါ့နော်။ ပေါ်တာဆွဲတာတို့ အဲ့လို လူသားဒိုင်း အဖြစ်ခေါ်တာတို့” ဟု ပြောသည်။

ကရင်နီပြည်နယ်ရှိ စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် နေရာဒေသတော်တော်များများတွင် စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ် CDM လုပ်ဆောင်နေသည့် အမျိုးသမီး ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ စစ်ဘေးရှောင်များ၏ ကျန်းမားရေးနှင့် စားနပ်ရိက္ခာအတွက် အကူအညီပေးနေသည့် အစုအဖွဲ့များကို အိမ်တိုင်ရာအရောက် လာရောက်ရှာဖွေခြင်းနှင့် ၎င်းတို့အား မတွေ့ရှိပါက မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဖြစ်စဉ်များလည်းရှိနေသည်ဟု ဇူဇူးက ပြောသည်။

ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီဖက်မှ တုန့်ပြန်ပြောဆိုမှုကို သိရှိနိုင်ရန် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်သော်လည်း မရသေးပေ။

တိုင်းရင်းသားဒေသများတွင် စစ်တပ်က အမျိုးသမီးများအား ပေါ်တာထမ်းရန်နှင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများသည် ယခုမှ မဟုတ်ပဲ ယခင် စစ်အစိုးရလက်ထက် အဆက်ဆက်က လုပ်ဆောင်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သည်ဟု ကရင်အမျိုးသမီး အစည်းအရုံး KWO က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့က ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးသည့် နောက်တွင် ထိုဖြစ်စဉ်များမှာ လျော့နည်းလာခဲ့သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုနောက် တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်၏ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ သိသိသာသာ ပြန်လည်ဖြစ်ပွားလာခဲ့သည်ဟု အမျိုးသမီးအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here