ညောင်ရွှေမြို့နယ်အတွင်း ရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

0
156

၂၃ မေလ ၂၀၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း ရောက်ရှိနေသည့် ကရင်နီဒေသက စစ်ဘေးရှောင်များ စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ တောင်ပိုင်း၊ စံကားမြို့ မှော်ဘီတံတားတောင်ဘက်လွယ်နွဲ့ ဘုရားတောင်ရွာရှိ ဘုရားတောင် ပရဟိတ္တကျောင်းတွင် ရောက်ရှိခိုလှုံနေကြသည့် ကရင်နီ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကူညီများ လိုအပ်နေခြင်း ဖြစ်သည်။

ဘုရားတောင် ပရဟိတ္တကျောင်းတွင် ကူညီလုပ်ကိုင်ပေးနေသူတစ်ဦးက “အခု မှော်ဘီ-ပင်လောင်း လမ်းနဲ့ မှော် ဘီ-မိုးဗြဲ လမ်းကလည်း ပိတ်လိုက်ပြီဆိုတော့ စစ်ရှောင်တွေ ပိုတိုးလာဖို့ပဲ ရှိတယ်။ လောလောဆယ် ဆန်က ရှိတယ်ဆိုပေမယ့် သူတို့ကျောင်းက ကလေးတွေအတွက်ပဲ ရှိတာ။ စစ်ရှောင်တွေအတွက်ဆိုရင် ဘယ်လိုမှ မလောက်ဘူး။ စစ်ရှောင်ကလေး တစ်ယောက်ကလည်း မွေးရာပါ နှလုံးအပေါက်ပါနေတော့ အခု ရောဂါ ပိုဆိုးလာတယ်” ဟု ပြောသည်။

အဆိုပါ ဘုရားတောင် ပရဟိတ္တကျောင်းသည် ယခု စစ်ဖြစ်နေသည့် ကျောက်တလုံးကြီးမြို့နယ်၊ ထီရီးကျေးရွာနှင့် (၇) မိုင်ခန့်သာ ကွာဝေးသည်ဟု သိရသည်။

ထို့အပြင် ဖယ်ခုံမြို့နယ်ထဲက လွယ်ပေါကျေးရွာ မရောက်ခင် ထီရီးကျေးရွာအနီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင်လည်း PNO ပြည်သူ့စစ်အဖွဲ့၏ စစ်သားများက စောင့်ကြပ်နေသည်ဟု သိရသည်။

“ကူညီမယ့်လူတွေ ရှိရင်တော့ ကျနော်တို့ လာယူပေးမှပဲရမယ်။ အပြင်ကလူတွေ ကူညီဖို့လာရင် ထီရီးရွာ စစ်ဆေးရေးဂိတ်ကို ဖြတ်လို့မရဘူး။ ကျနော်တို့က PNO တွေနဲ့ အရင် ဗကပ လက်ထက်ကတည်းက ရင်းနှီးလာတော့ ကျနော်တို့ ဖြတ်သွားရင်ရတယ်” ဟု ဘုရားတောင် ပရဟိတ္တကျောင်းတွင် ကူညီလုပ်ကိုင်ပေးနေသူတစ်ဦးက ပြောသည်။

ယင်းဘုရားတောင် ပရဟိတ္တကျောင်းတွင် လွန်ခဲ့သည့် (၃) ရက်ခန့်ကလည်း အင်းလေးဒေသ ညောင်ရွှေမြို့ရှိ ရန်ကုန် ဘုန်းကြီးကျောင်းမှ ဆန် (၁၀) အိတ်နှင့် စားသုံးဆီများ ကူညီပေးခဲ့ရာ အဆိုပါရိက္ခာများမှာ စစ်ဘေးရှောင်များအတွက် ၅ ရက်စာခန့်သာ ဖူလုံခဲ့သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။

ဘုရားတောင် ပရဟိတ္တကျောင်းသည် ရှေးယခင်ကတည်းက မိဘမဲ့များနှင့် ဆင်းရဲနွမ်းပါးသူများအား စက်ချုပ်သင်တန်း၊ အင်္ဂလိပ်စာ၊ ဂျပန်စာနှင့် Hotel Tourism သင်တန်းများ နှစ်စဉ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး လူမျိုးဘာသာမခွဲခြားသော ကျောင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါကျောင်းသည် လွန်ခဲ့သည့် (၆) လကတည်းက ကရင်နီစစ်ရှောင်များ လက်ခံထားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ (၇၀၀) ကျော် ခိုလှုံနေကြသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် အနယ်နယ်အရပ်ရပ်က အလှူရှင်များအနေဖြင့် ကူညီပေးကြရန် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများက တောင်းဆိုနေကြသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here