KNC ပါတီဥက္ကဌ ဒေါက်တာ အမ်ကောန်လအား ထပ်မံတရားစွဲဆိုမှုအပေါ် ပါတီက ကန့်ကွက်စာတင်

0
170
ဓါတ်ပုံ - KNC ပါတီ Facebook

၂၀၂၂ ခုနှစ် မေလ ၁၁ ရက်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌဖြစ်သူ မြစ်ကြီနားမြို့တွင် ထပ်မံတရားစွဲဆိုခံထားရသည့် အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ကန့်ကွက်စာတင်ထားသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

KNC ပါတီဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကို တူညီသောပုဒ်မဖြင့် နေရာနှစ်ခုတွင် တရားစွဲဆိုထားခြင်းသည် တရားမျှတမှု မရှိသောကြောင့် ကန့်ကွက်စာတင်ရခြင်းဖြစ်သည်ဟု KNC ပါတီ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးဘရန်အောင်က ပြောသည်။

“ကျနော်တို့ကတော့ ဒါ ပုဒ်မ ၅၀၅ (က) နဲ့ နေရာနှစ်နေရာ ပြောရမယ်ပေါ့နော်။ နှစ်နေရာမှာ ပုဒ်မ ၁ ခု ကို စွပ်စွဲ ထားတယ်ဆိုတော့ ကျနော်တို့က ဒါကို တရားမျှတမှုမရှိလို့ ယူဆတာကိုး။ ဆိုတော့ ကျနော်တို့ KNC ပါတီကလည်း ဒါကို ကျနော်တို့ ကန့်ကွက်ထားတယ်ဗျ။”
KNC ပါတီအနေဖြင့် နေပြည်တော်က တရားဥပဒေရေးရာနှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာများနှင့် အစိုးရရုံးများသို့ ဧပြီလဆန်းပိုင်းတွင် ကန့်ကွက်စာ တင်ထားခဲ့ခြင်းသည်ဟု KNC ပါတီက ဆိုသည်။

ထို့အပြင် မြစ်ကြီးနားမြို့ရှိ ဌာနဆိုင်ရာသို့လည်း ကန့်ကွက်စာတင်ရန်အတွက် ဆက်လက်လုပ်ဆောင်နေသည်ဟု ဉီးဘရန်အောင်က ဆက်ပြောသည်။

“ကျနော်တို့ကတော့ ဒီတရားဥပဒေနဲ့ ဆိုင်တဲ့ဌာနတွေအားလုံးနဲ့ ဒီအစိုးရဌာနတွေကို လိပ်မူပြီးတော့ ပို့တယ်ဗျ။ နောက်တခေါက် ပြန်ပို့ဖို့ ရှိပါတယ် ကျနော်တို့တော့။ ဟိုတခေါက်ကတော့ ကျနော်တို့ နေပြည်တော်က ၅၀၅ ပုဒ် မနဲ့ ပတ်သက်ပြီးတော့ ပို့တာပါ။ ဒီတခေါက်ကကျတော့ မြစ်ကြီးနားမှာလည်း ဒီအစိုးရက ထပ်စွဲတဲ့ ၅၀၅ ကို ပုဒ်မ (က) နဲ့ပေါ့နော်။ အဲဒါနဲ့ဘဲ တစ်ခါပြန်စွဲခံရတယ်။ ဒီတစ်ခါလည်း ကျနော်တို့ ပြန် အမှုနဲ့ဆက်စပ်ပြီး ကျနော်တို့ ကန့်ကွက်ဖို့ ရှိပါတယ်ဗျ။”

ပုဒ်မတစ်ခုတည်းဖြင့် တရားစွဲဆိုခံရခြင်းသည် တရားမျှတမှု မရှိသည့်အတွက် ဆက်လက်ပြုလုပ်သွားမည်ဟု KNC ပါတီ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ပါတီဥက္ကဌ ဒေါက်တာ M ကောန်လသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် နေပြည်တော်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် မြစ်ကြီးနားမြို့တွင်လည်း အဆိုပါပုဒ်မဖြင့် ထပ်မံ တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ယခုနှစ် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံး၌ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ထပ်မံတရားရင်ဆိုင်ရန်အတွက် မေလ ၉ ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီးသန်းထိုက်က တရားလိုပြုလုပ်၍ မြစ်ကြီးနားမြို့ အမှတ် ၁ မြို့မ ရဲစခန်းတွင် စွဲဆိုထားသည့်အမှုကို ရင်ဆိုင်ရန် မေလ ၉ ရက်နေ့က မြစ်ကြီးနားမြို့သို့ လွှဲပြောင်းလိုက်ခြင်းဖြစ်သည်။

ဒေါက်တာအမ်ကောန်လ ကို မြစ်ကြီးနားမြို့နယ် တရားရုံးတွင် လွဲပြောင်းမှု အစီအစဉ်ပြီးဆုံးပြီးနောက် မြစ်ကြီးနားမြို့ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး မြစ်ကြီးနား အကျဉ်းထောင်ထဲတွင်နေ၍ ဒု-ဗိုလ်မှူးကြီး သန်းထိုက်က တရားလိုပြုလုပ်၍ စွဲဆိုထားသည့်အမှုကို ထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။

သို့သော် အဆိုပါအမှုနှင့်ပတ်သက်၍ နောက်ထပ်ရုံးချိန်းကို မည်သည့်အချိန်၊ နေရာတွင် ထပ်မံပြုလုပ်မည်ကို တိတိကျကျ မသိရှိရသေးပေ။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here