မံစီမြို့နယ် မိုင်းခေါင်ရွာအထွက်တွင် အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲခံရပြီး ထိခိုက်သေဆုံးမှုရှိ

0
105

၁၈ ဧပြီ ၂၀၂၂

မံစီ (Man Je) မြို့နယ် မိုင်းခေါင် ကျေးရွာအထွက်တွင် အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်း ယနေ့ နံနက်ပိုင်းက မိုင်းခွဲခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ခဲ့သည်ဟု သိရသည်။

ဧပြီလ ၁၅ ရက် နံနက် ၆ နာရီ မိုင်းခေါင် (Mung Hkawng) စစ်တပ်စခန်းမှ မဂျီဂုန် (Maji Gung) စစ်တပ်ဗျူဟာကုန်းသို့ ချီတက်လာသော အဆိုပါ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၇ အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မိုင်းခေါင်ဒေသခံတစ်ဦးထံမှ သိရသည်။

“ဗန်းမော်ဘက်က တက်လာတဲ့ စစ်ကြောင်းတွေ မိုင်းခေါင်းစစ်တပ်စခန်းမှာ ခဏနားပြီး ဒီမနက် အဲ့ထဲက စစ်အင်အားတစ်ချို့နဲ့ ပြန်ပူးပေါင်း ထွက်လာတဲ့ချိန် မိုင်းခေါင်ရွာ ရပ်ကွက် ၃ စာသင်ကျောင်းရှေ့ရောက်တော့ မိုင်းခွဲခံရတာဖြစ်တယ်” ဟု မိုင်းခေါင်ဒေသခံတစ်ဦးက ပြောသည်။

မိုင်းခွဲခံရသော စစ်ကောင်စီ စစ်ကြောင်းမှ ဘေးပတ်ဝန်းကျင်ကို သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း စစ်ရှောင်စခန်းရှေ့နှင့် လူနေအိမ်များတွင် ကျည်ဆံထိမှန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစပြီး စစ်ကောင်စီတပ်များသည် ဗန်းမော်မှ မဂျီဂုန် ဗျူဟာကုန်းသို့ စစ်အင်အား၊ လက်နက်အင်းအားနှင့် ရိက္ခာများကို ဆက်တိုက် ပို့ဆောင် လှုပ်ရှားနေကြောင်း သိရသည်။

ထို့ကြောင့် မိုင်းခေါင် နှင့် မဂျီဂုန်ကြားရှိသည့် KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ မှ ကြားဖြတ် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေခဲ့ရာ ၂ လအတွင်း ၁၀ ကြိမ်ထက် မနည်း ရှိပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများနှင့် တိုက်ပွဲများကြောင့် ဒေသခံများ၏ နေ့စဉ် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်နေကြောင်း ဒေသခံတစ်ဦး ပြောသည်။

“အခုလောလောဆယ်က မိုင်းခေါင်နဲ့ လိုင်ကာဇွပ်ဂျာကျေးရွာ ကြားမှာ စစ်ရေးကတော့ ဆက်တိုက်တင်းမာနေတာပေါ့။ ကျနော်တို့တွေလည်း အိမ်ပြန်ပြီး တိရစ္ဆာန်တွေကို အစာလည်း သွားမကြွေးနိုင်ဘူး။ တချို့ဆို ပျောက်သွား၊ ရှုံးသွားတာတွေရှိတယ်လေ။ ခုလောလောဆယ်က သွားလာလို့ လုံး၀ မရနေတာဖြစ်တယ်” ဟု မိုင်းခေါင်စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ယခုနှစ်ဆန်းပိုင်းကစတင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော် စစ်အင်အား ပို့ဆောင်နေပြီး ယခု ဗန်းမော်မှတဆင့် မံစီမြို့နယ် မဂျီဂုန် စစ်ဗျူဟာသို့ စစ်အင်အား ပို့ဆောင်နေသလို၊ ဗန်းမော်မှ ကားလမ်းအတိုင်း KIO ဗဟိုဌာနချုပ်နယ်မြေ နမ်ဆန်ယန်ကျေးရွာအထိ စစ်အင်အား တိုးချဲ့မှုများကို ယခုလအတွင်း ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရပါသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here