“ပွင့်ပွင်းလင်းပြောရရင် ယုံကြည်မှုပိုင်းက အင်မတန်အားနည်းတယ်။ အခြေအနေမှန်ကို တင်ပြရင်လည်း လက်မခံဘူး” ဖမ်းဆီးခံ ဗိုလ်မှူးစန်းယု (စကစ ခြေမြန်တပ်ရင်း ခမရ-၅၅၅)

0
323

KNLA ပူးပေါင်းတပ်ဖွဲ့၏ ဖမ်းဆီးခံရသည့် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၅၅၅) ဗိုလ်မှူးစန်းယုနှင့် တွေ့ဆုံမေးမြန်းခြင်း

၆ ဧပြီ ၂၀၂၂

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က မြဝတီတောင်ဘက်ရှိ မောခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့ တက်ရောက်သိမ်းပိုက်ခဲ့စဉ် ခြေမြန်တပ်ရင်း (ခမရ-၅၅၅) စစ်ကြောင်း (၂) စစ်ကြောင်းမှူး ဗိုလ်မှူးစန်းယုသည် KNLA ပူးပေါင်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဗိုလ်မှူးစန်းယုအား မောခီးစခန်းသိမ်းတိုက်ပွဲဖြစ်စဉ်အပါအဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ် ၊ တပ်တွင်းစည်းလုံးမှုအခြေအနေနှင့် ရှေ့တန်းရောက် တပ်မှူးတပ်သားများ၏ အခြေအနေများအား မေးမြန်းထားသည်များကို စုစည်းတင်ပြလိုက်ပါသည်။

မေး – ဖမ်းဆီးခံရမှုမတိုင်ခင် မောခီးစခန်းကဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲဖြစ်စဉ်ကို ပြန်ပြောပြပါအုံး။

ဖြေ – လက်ရှိ ဖြစ်စဉ်မတိုင်ခင် မောခီးစခန်းမှာ တာဝန်ထမ်းဆောင်တယ်။ ၂၀၂၂ တစ်လပိုင်းလောက်မှစပြီး တာဝန်ထမ်းဆောင်တယ်။ ကျနော်က လှုပ်ရှားစစ်ကြောင်းမှူး ဖြစ်တဲ့အတွက် စခန်းမှာတော့ မနေရဘူး။ သွားလာလှုပ်ရှားပြီးတော့မှ တာဝန်ထမ်းဆောင်ရတယ်။ သွားလာလှုပ်ရှားပြီး တာဝန်ထမ်းဆောင်နေတော့ ဒေသခံ တိုင်းရင်းသားတွေနဲ့လည်း တော်တော်လေး အဆင်ပြေပါတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့က အဲ့မှာ တောင်ယာခုတ် ဘာခုတ် လုပ်ကြတယ်။ အဲ့နားတစ်ဝှိုက်က DKBA တပ်ရင်း (၉၀၈) က ဗိုလ်ကလဲ့တို့လည်းရှိတယ်။ ကျနော်တို့နဲ့ တရင်းတနှီးတော့ နေထိုင်ကြတယ်။ ညီလို အစ်ကိုလိုပဲ။ အဲ့အချိန်မှာ ကျနော်တို့နဲ့ စစ်ရေးတင်းမာမှုအနေအထားက မြန်မာတပြည်လုံးမှာ ဖြစ်နေပေမဲ့လည်း ကျနော်တို့ဘက်မှာတော့ ညီအရင်းအစ်ကို ပမာပဲ နေထိုင်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကျနော်တို့ လိုအပ်တဲ့ အကူအညီရှိရင်လည်း သူတို့က လုပ်ပေးတယ်။ အဲ့လိုပဲ နေကြတယ်။

အဲ့လိုနေရင်းနဲ့ပဲ ၂၁ ရက်နေ့မှာတော့ နိုင်ငံရေးအခြေအနေကြောင့်ပဲ ကျနော်တို့စခန်းကို အင်အားအလုံးအရင်းနဲ့ တက်ရောက်တိုက်ခိုက်ခြင်းကို ခံရတာပေါ့။ အဲ့မတိုင်ခင်မှာ ကျနော်တို့ဘက်က စျေးဝယ်သွားရင်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လိုကြားတယ်။ အဲ့လိုကြားတဲ့အချိန်မှာ ကျနော်တို့ဘက်မှာ အရာရှိဆိုလို့ ကျနော်တစ်ယောက်ပဲ ရှိတော့တယ်။ ကျန်ခဲ့တော့ ကျနော်က စခန်းမှာ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ နေပေးတယ်။ နေရင်းနဲ့ ၂၁ မှာတော့ သူတို့ဘက်က အင်အားတော်တော်များပါတယ်။ ဒရုန်းတွေပါသုံးပြီးတော့ တက်လာတာပေါ့။ ကျနော်တို့လည်း နာရီပေါင်း ၅ နာရီလောက်တော့ ခုခံခဲ့တယ်။ နောက်ပိုင်းကျတော့ ဘယ်လိုမှ မခုခံနိုင်တော့ဘူး သူတို့ရဲ့ လူအင်အား လက်နက်အင်းအား အနေအထား ကွာဟလာတော့ လက်နက်ချ အရှုံးပေးလိုက်ရတယ်။

မေး – ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာ သူတို့ (KNLA) ဘက်က ဘယ်လိုမျိုးဆက်ဆံလဲ။

ဖြေ – ကျနော်တို့ လက်နက်ချပြီးတော့ အဖမ်းခံရတော့ တပ်ရင်း ၂၀၁ တပ်ရင်းမှူးဆီ ခေါ်သွားတယ်။ ဒါပေမဲ့ ပထမတစ်ရက်တော့ မတွေ့ရဘူး။ နောက်တစ်ရက်တော့ တွေ့ရတယ်။ ရောက်ရောက်ချင်းမှာတော့ ကျနော်ကလည်း ခြေထောက်နာနေတယ် ကျောက်ဆောင်နဲ့ ရိုက်မိတော့။ သူတို့ဘက်က ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံပါတယ်။ ရေမိုးချိုးခိုင်းတယ်။ ကျနော်က အဝတ်အစားမပါဘူး။ ရောက်သွားတဲ့အချိန်က အတွင်းခံ တစ်ထည်နဲ့ စွပ်ကျယ်တစ်ထည်ပဲပါတယ်။ ဟိုရောက်တော့ သူတို့ရဲ့ အဝတ်အစားတွေ သူတို့ လုပ်ပေးတယ်။ လုပ်ပေးပြီးတော့ ထမင်းတွေကျွေးတယ်။ သူတို့ကတော့ သုံ့ပန်းဥပဒေအရတော့ ချုပ်နှောင်စရာရှိတာတော့ ချုပ်နှောင်မယ်။ ဒုက္ခပေးတာတော့ မလုပ်ဘူးဆိုပြီး အဲ့လိုပြောပြီးတော့မှ အစားသောက်တွေတော့ အတတ်နိုင်ဆုံး ကောင်းမွန်အောင် လုပ်ပေးတယ်။

မေး – အဲ့မှာ ဘယ်လောက်ကြာသွားလဲ။

ဖြေ – ကျနော့်အနေနဲ့တော့ အဲ့မှာ ၂ ရက်ကြာသွားတယ်။ အဲ့မှာ တပ်ရင်းမှူးနဲ့တွေ့ပြီးတော့ ကျနော့်ကိုမေးတယ်။ မင်းက စစ်ကြောင်းမှူးလား ဘာလားပေါ့။ ဟုတ်ပါတယ် ကျနော်က စစ်ကြောင်းမှူးပါလို့ ပြောတယ်။ သူကပြောတယ် မင်းတို့လုံခြုံရေးက ဒီမှာ စိတ်မချရဘူးဆိုပြီး နောက်တန်းကို ရွှေ့ပေးမယ်ပြောပြီး နောက်တစ်ရက်မှာပဲ ကျနော်တို့ကို အဝတ်အစားလေးတွေ ဝယ်ပေးတယ်။ ကျနော်တို့မှာလည်း အဝတ်အစားလည်း ဘာမှ မရှိတော့ဘူးလေ။ အဲ့အဝတ်အစားနဲ့ အမှတ်တရ ဓါတ်ပုံဘာညာရိုက်ပြီးတော့ နောက်တစ်နေရာကို ရွှေ့ပေးလိုက်တယ်။

မေး – လက်ရှိ ရှုပ်ထွေးနေတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကော တပ်မှူးတစ်ဦးအနေနဲ့ ဘယ်လိုသဘောထားရှိလဲ။ ဘယ်လိုမြင်လဲ။

ဖြေ – ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မဲမသာလို့ဆိုပြီး အာဏာသိမ်းတယ်။ အာဏာထိန်းတယ်ပေါ့နော်။ ဒီကြားထဲမှာ အကုန်လုံး ဆန္ဒပြတဲ့ ပြည်သူတွေနဲ့လည်း ကမောက်ကမာ့တွေ ဖြစ်တာပေါ့။ အဲ့အချိန်တုန်းက ကျနော်တို့က တောထဲမှာနေရတော့ မြန်မာဖုန်းလိုင်း မမိဘူး။ Up to date တော့ ဘာမှမသိဘူး။ ဘာမှမသိပေမဲ့လည်း တစ်ဆင့်စကားတစ်ဆင့်ကနေ တစ်လတစ်ချိန် ပေးတက်တာဆိုလို့ရှိရင် အနေအထားလေး တစ်ခုခုတော့ သိရတာပေါ့။ ဘယ်ဘက်မှာတေ့ာ ဘာဖြစ်နေပြီးလဲ ဆိုတာတွေတော့ သိရပေမဲ့ အတိအကျတော့ ဘာမှ မသိရဘူး။

နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာတော့ တစ်ဖက်နဲ့တစ်ဖက်ပေါ့ နဂိုတုန်းက ကျနော်တို့တွေ NCA လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတာတွေ ရှိတယ်။ အဆင်လည်း တော်တော်ပြေကြတယ်။ ဒီဟာလေးကိုလည်း ကျနော်တို့က ဆက်ပြီးဖြစ်စေချင်တယ်။ ဘာဖြစ်လဲဆိုတော့ စစ်သားတော်တော်များများက ကျနော့်အမြင်ပေါ့ ကျနော် ဖြတ်သန်းရတဲ့အနေအထားမှာ စစ်မတိုက်ချင်ပါဘူး။ ကျနော်တို့ စစ်သားတွေက ပြည်ပရန် ကာကွယ်ရေးကိုပဲ လုပ်ချင်ကြတယ်။ အခုက ကိုယ့်တိုင်းရင်းသား ကိုယ့်ပြည်သူအချင်းချင်း တိုက်ခိုက်နေရတာဖြစ်တဲ့အတွက် ကျနော်တို့မှာ တစ်ယောက်နဲ့တစ်ယောက် အမိန့် တာဝန်အရ လုပ်ဆောင်ရပေမဲ့ စိတ်ထဲမှာ မကောင်းကြပါဘူး။ ဘာဖြစ်လဲဆိုတော့ သူများကိုလည်း မသတ်ချင်ကြသလို ကိုယ်လည်း မသေချင်ကြဘူး။ လက်ရှိ နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု လွဲမှားနေတယ်လို့ပဲ ကျနော်တော့ ပြောချင်ပါတယ်။

မေး – လက်ရှိဖြစ်စဉ်ကြောင့် ပြည်သူလူထု အိုးအိမ်ပေါင်းများစွာ မီးရှို့ဖျက်ဆီးခံနေရတာတွေ သတ်ဖြတ်ခံနေရတာတွေနဲ့ ပတ်သက်ပြီးကော တပ်မှူးတစ်ဦးအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ – ကျနော် လက်ရှိ တာဝန်ကို ထမ်းဆောင်နေရပေမဲ့လည်း ကိုယ့်ရဲ့ လူမျိုးချင်း တိုင်းရင်းသားချင်း အခုလို အိုးမဲ့အိမ်မဲ့ အိုးပစ်အိမ်ပစ် ဖြစ်လာရတာကိုတော့ ကျနော့်အနေနဲ့ စိတ်တော့ မကောင်းဘူး။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့လည်း ဒီတာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ် ၂၀ အတွင်း မိဝေး ဖဝေးနဲ့အမေသေတာတောင် အိမ်မပြန် ခဲ့ရတဲ့ ဘဝနဲ့ ကျနော်တို့က နေခဲ့ရတာ။ ပြန်တော့ ပြန်ရတယ်။ ဒါပေမဲ့ အမေ့အလောင်းတော့ မရှိတော့ဘူး။ မီးသဂြိုင်္လ်လိုက်ပြီး။ အဲ့သလိုပဲ လက်ရှိ တိုင်းရင်းသားတွေကော ဗမာတွေကော စစ်တလင်းဖြစ်သွားပြီးဆိုတော့ အိုးမဲ့ အိမ်မဲ့နဲ့ အကုန်လုံးပျက်စီးဆုံးရှုံး သေကြေခဲ့ရတာပေါ့။ အဲ့အတွက်တော့ တော်တော်လေး စိတ်မကောင်းဖြစ်တယ်။ ကျနော်တို့ အနေနဲ့ကတော့ စစ်မက်ကိုလိုလားခြင်းက မကောင်းဘူးလို့တော့ ကျနော့်အနေနဲ့တော့ မြင်မိပါတယ်။

မေး – ဗိုလ်မှူးပြောသလို ပြည်ပရန်ကာကွယ်ဖို့ စိတ်ဆန္ဒရှိကြတယ်ပေါ့။ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေပြောနေတဲ့ Standard Army နဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားအပေါ်မှာကော ဘယ်လိုမြင်မိလဲ။

ဖြေ – ကျနော်တို့က တချိန်တုန်းက လက်ခံတဲ့ Army က နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီးတော့ ကျနော်တို့လည်း လူသားတွေဖြစ်တော့ အတ္တရှိတော့ လုပ်ခလစာအစပေါ့ဗျာ အာဆီယံနဲ့အညီ ဒါမျိုးဖြစ်ချင်တယ်။ အဲ့သလိုပဲ လုပ်ရကိုင်ရတဲ့ အနေအထားမှာလည်း ပြည်သူလူထုရဲ့ လေးစားကြည်ညိုမှုကိုလည်း လိုချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရပ်ထဲ ရွာထဲကို သူများမလုပ်နိုင်တဲ့ အလုပ်ကို ကိုယ့်က လုပ်နေတာလေ။ အများသူငှာ လေးစားပြီးတော့မှ ချစ်ခင်နေတဲ့ အနေအထားပေါ့ အဲ့လိုမျိုးကိုပဲ ကျနော်တို့ မျှော်မှန်းခဲ့တာပဲ။

ဒါပေမဲ့ လက်ရှိမှာတော့ တိုင်းပြည်အာဏာသိမ်းပြီးတော့ ဖြစ်ပျက်နေတဲ့ အနေအထားတွေနဲ့ တစ်ဖက်က ကျနော်တို့ မျှော်လင့်ခဲ့တဲ့ အနေအထားတွေက ဟာသအနေနဲ့ပြောရရင် တစ်ဖြည်းဖြည်းနဲ့တော့ ပျက်စီးသွားပြီပေါ့။ အများကြီးတော့ မပျက်စီးသေးဘူး။ စနစ်တကျလေးနဲ့ပေါ့ ပျက်စီးနေတဲ့ အနေအထားလေး ဆုတ်ယုတ်လာတဲ့ အနေအထားလေး ရောက်သွားတာပေါ့။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ လိုချင်ခဲ့တဲ့ မြင်ချင်ခဲ့တဲ့ အနေအထားနဲ့ လက်ရှိ ခေတ်စနစ် ဖြစ်ပေါ်လာတဲ့ အနေအထားနဲ့ကတော့ တော်တော်လေး တလွဲစီ ဖြစ်နေတယ်ဆိုတာကတော့ ပြောနိုင်ပါတယ်။

မေး – လက်ရှိ CDM လုပ်လာတဲ့ တပ်ဗိုလ်တပ်မှူးတွေက တော်တော်များများ ရှိလာတဲ့အပေါ်မှာ ကိုယ်သိရသလောက် တပ်တွင်းအခြေအနေက ဘယ်လိုတွေရှိနေလဲ။

ဖြေ – တစ်တပ်နဲ့တစ်တပ်တော့ မတူဘူး။ ကျနော်တို့က ဝေးလံခေါင်ဖျားတဲ့ နေရာမှာရှိနေရတာပေါ့။ အထူးသဖြင့် အစ်ကိုတို့ပြောတဲ့သူတွေက မြို့ပေါ်က တပ်တွေပေါ့။ ရှင်းရှင်းပြောရရင် ကျနော်တို့ တောတပ်မှာ နေခဲ့ရတဲ့အတွက် တော်တော်များများကတော့ နည်းနည်း မျက်စိပိတ် နှားပိတ်ဖြစ်တယ်။ မြို့ပေါ်တပ်တွေကြတော့ သူတို့က သိတယ်။ သူတို့မှာ အဆက်အသွယ်ရှိတယ်။ သားသမီးတွေကလည်း မြို့ပေါ်မှာ ကြီးပြင်းလာခဲ့ကြတဲ့အတွက် CDM မလုပ်တဲ့အပေါ်မှာ အသိအမြင်တွေ ရှိကြတယ်။ ကျနော်တို့ဘက်မှာက ကိုယ့်ဝမ်းရေးအတွက်ပဲ လုပ်နေရတဲ့အတွက် အဲ့ဒီဘက်ကိုတော့ သိပ်ခေတ်မစားဘူး။ မြို့ပေါ်မှာတော့ ခေတ်စားတယ်။

တပ်တွင်းအခြေအနေကတော့ လက်ရှိ ကျနော်တို့ရဲ့ အနေအထားက ဓမ္မစင်္ကြာရွတ်လိုက် ဘုရားစာရွတ်လိုက် သူတို့က မျက်စိပိတ် နှားပိတ်ဖြစ်တဲ့အခါကျတော့ ဘယ်သူ့ ဘယ်သူမှန်းတော့ မသိကြဘူး။ တိုင်းပြည်ကြီးက ဘယ်လိုဖြစ်နေမှန်းလည်း သူတို့ စိတ်မဝင်စားဘူး။ ကျနော်တို့ ရှေ့တန်းသွားတဲ့ အရာရှိ စစ်သည်တွေ အန္တရာယ်ကင်း ဘေးရှင်းရေးအတွက် ပွဲပေးမယ်။ ပြီးသွားရင် ဓမ္မစင်္ကြာရွတ်မယ်၊ မဟာသမယသုတ်ရွတ်မယ်။ ဒါနဲ့ပဲ ကျနော်တို့ တပ်အနေအထားတော့ရှိတယ်။ ပွင့်ပွင်းလင်းလင်းပြောရရင် တစ်ယောက်စ နှစ်ယောက်စက လိုင်းသုံးနေတော့ ဒါကတော့ တပ်ထဲမှာ မတရားတာပဲ။ ဒါကတော့ ဒီလိုမျိုးရှိတယ်ဆိုပြီးတော့ ကလန်ချင်တဲ့ ပုံစံမျိုးတွေတော့ တစ်ယောက်စ နှစ်ယောက်စတော့ ရှိတယ်။ ဒါပေမဲ့လည်း သူတို့မှာလည်း မိသားစု ဘာညာရှိကြတော့ သူတို့ စိတ်ထင်သလို လုပ်ချင်သလို လုပ်ဖို့ကတော့ မဖြစ်နိုင်တဲ့ အနေအထားမှာလည်းရှိပါတယ်။ တချို့ကျတော့ လိုင်းသုံးနေတော့ ဒါကတော့ မတရားတာပဲ ချုပ်ခြယ်တာပဲ ကျနော်တို့ စစ်တပ်စကားပြောရရင် ဒါက အာချောင်တာပေါ့ အဲ့လိုမျိုးတွေရှိတယ်။ ဒါကတော့ သူတို့ရဲ့ ယုံကြည်ချက် လျှောက်လှမ်းချက်နဲ့ဆိုတော့ ကျနော်တို့က ဘာမှလည်း ပြောလည်းမပြောဘူး။ ပြောလည်း မပြောလိုပါဘူး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့။

မေး – စစ်တပ်က ပြည်သူတွေကို ဒီလောက် ရက်စက်နှိပ်ကွပ်နေတာကို စစ်တပ်ထဲကရှိတဲ့ စစ်သည်တွေအနေနဲ့ ဘာလို့ CDM မလုပ်ကြတာလဲ ဆိုတဲ့ ပြည်သူတွေရဲ့ မေးခွန်းထုတ်မှုတွေအပေါ်မှာကော ဘာပြောချင်လဲ။

ဖြေ – လုပ်မယ်ဆိုရင်တော့ လူပဲ စိတ်ရှိလက်ရှိ လုပ်ချင်တာပေါ့။ မလုပ်ချင်ဘဲနေမလား။ ဒါကလည်း လူတိုင်းပဲ လုပ်ချင်ကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ဆန္ဒအပေါ် လွတ်လပ်မှုအရပေါ့။ ဒါပေမဲ့ တချို့တချို့တွေမှာက မိသားစု အသိုင်းအဝိုင်းတွေရှိတယ်။ ပြီးရင် မလွဲသာမရှောင်သာနဲ့ ကိုယ့်မိသားစုဘဝ ရပ်တည်ရေးတစ်ခုအတွက်နဲ့ လုပ်ကြရတာတွေ ရှိတယ်။ အဲ့အခါကျတော့ စိတ်သွားတိုင်း ကိုယ်မပါသလိုပေါ့ တချို့က CDM လုပ်ချင်ကြပေမဲ့လည်း မလုပ်ဖြစ်ကြဘူးပေါ့။

မေး – တချိန်က ရှေ့တန်းနယ်မြေမှာ စစ်သားတစ်ယောက် ကျဆုံးသွားရင် ပြည်သူအများစုက စိတ်မကောင်းဖြစ်ကြတယ်။ အခုက စစ်သားတစ်ယောက်သေရင်ပဲ လူထုအများစုက လက်ခုတ်လက်ဝါးတီးမတတ် အားရကျေနပ်နေကြတယ်။ ဒါက ဘယ်လိုအခြေအနေကို ပြနေတယ်လို့ ထင်လဲ။

ဖြေ – ဒါကတော့ ရှင်းရှင်းပြောရရင် ပြည်သူလူထုရဲ့ ရင်ထဲမှာတော့ အာဏာမတရားသိမ်းတယ်လို့ပဲ မြင်ကြတယ်။ ပြီးတော့ ပြည်သူလူထုဆိုတာက လွတ်လပ်တယ်လေ။ ကျနော်တို့လို စစ်စည်းကမ်းနဲ့ သူတို့ကို ထိန်းချုပ်ထားတာမရှိဘူး။ မရှိတော့ သူတို့မှာ လွတ်လပ်စွာ ပြောခွင့်ရှိတယ်။ နောက်တစ်ခုက ဒီဟာအပေါ် မူတည်ပြီးတော့မှ CDM လုပ်ရင်းနဲ့ တချို့ဆိုရင် သင်တန်းဆင်းလာကြတယ်။ သူတို့ရဲ့ သားသမီးတွေပါမယ်။ ပြီးရင် မြို့ပေါ်မှာ အများနဲ့ လုပ်ရင်းကိုင်ရင်းနဲ့ နေပြည်တော်မှာ မြသွဲ့သွဲ့ခိုင်တို့ ကိစ္စဆိုရင်လည်း ပြည်သူတွေရဲ့ ရင်ထဲမှာ မကျေနပ်စရာပေါ့။ ပြည်သူလူထုရဲ့ ရင်ထဲမှာ အုံကြွရလောက်အောင် ရိုင်းရိုင်းပြောရရင် စောက်တလွဲ အမှားတွေပေါ့။ အများက လုပ်ခိုင်းတာတမျိုး လုပ်ထည့်လိုက်တာက တစ်မျိုး အဲ့အပေါ်မှာ ပြည်သူလူထုရဲ့ရင်ထဲမှာ လုံးဝ မကျေမနပ်တော့ ဖြစ်နေတယ်။

အဲ့ဒါမို့လို တပ်နဲ့ပတ်သက်လာရင် တစ်ဖက်က IP (Impression Power) ကျတာပေါ့။ အဲ့လိုဖြစ်တဲ့အတွက် စကစထဲက တစ်ယောက်ယောက်က တစ်ခုခုဖြစ်တာနဲ့ လက်ခုတ်လက်ဝါးတီးပြီး ဝမ်းသာတယ်။ သေပါစေ စသည်ဖြင့်ပေါ့။ ကျနော်တို့ကို ဖမ်းမိတဲ့အချိန်မှာလည်း တော်တော်များများက စစ်ခွေးဘာညာနဲ့ ကျနော်တို့ကို ပြောကြတယ်။ ရှင်းရှင်းပြောရရင် အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ပြန်ခွပ်နေရသလို ဖြစ်နေတယ်။ တချို့ဆိုရင် ကျနော်တို့ကို သနားပြီးတော့ မုန့်လေး ဘာလေး လာကျွေးပေးတယ်။ ဒါက သနားတတ်တဲ့သူပေါ့။ မသနားတဲ့သူကလည်း အဲ့ကောင်ကို ကျွေးစရာမလိုဘူး၊ အဲ့ကောင်က စစ်ခွေး ပြန်ယူသွား။ ပြည်သူထဲကပါပဲ။

မေး – ပြည်သူတွေရဲ့ ဒီလို တုန့်ပြန်မှုရတဲ့အခါ လုပ်သက် ၂၀ လောက်ရှိတဲ့ ဗိုလ်မှူးအနေနဲ့ ဘယ်လို စိတ်ခံစားချက်တွေ ဖြစ်စေလဲ။

ဖြေ – စိတ်ထဲမှာ အလိုမကျမှုတွေဖြစ်တာပေါ့။ ကိုယ်လုပ်နေရတဲ့ အလုပ်တွေက အဓိပ္ပာယ်မဲ့သလို ခံစားလာရတယ်။ တခါတလေ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ ကိုယ်လုပ်တာ ဘာများလွဲနေလို့လဲ။ ခိုင်းတဲ့အတိုင်းတော့ လုပ်နေတာပဲ။ ကိုယ့်ကိုကို အဲ့လိုတော့ ပြန်မေးမိပါတယ်။

မေး – လက်ရှိ ပြည်သူတွေက စစ်တပ်က ပြည်သူကို ရန်သူလိုသဘောထားပြီး သတ်ဖြတ်နေတယ်ဆိုပြီး ပြောဆိုမှုအပေါ်မှာကော ဗိုလ်မှူးတစ်ယောက်အနေနဲ့ ဒါကို ဘယ်လိုမျိုး ဖြစ်စေချင်လဲ။

ဖြေ – အခုကျမှသာ တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြီးတော့ ချကုန်ကြတာ။ အရင်က ဒါတွေ မဖြစ်ခင်ကတည်းကလည်း အတူတူ လည်ပင်းဖက် အရက်အတူတူ သောက်ခဲ့ဖူးတာလည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဆက်သွားမယ်လို့တော့ ထင်ခဲ့မိတာပဲ။ ဒါတွေက မထင်မှတ်ဘဲနဲ့ ပြောင်းလဲကုန်တာပေါ့။ အဲ့တော့ ကိုယ့်အချင်းချင်း လုပ်နေကြမဲ့အစား တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ နှောင့်နှေးနိုင်တာဖြစ်တဲ့အတွက် သူများနိုင်ငံတွေ မှာ စစ်မက်မရှိတဲ့အတွက် တိုးတက်တယ်။ အခုက အနောက်နိုင်ငံတွေက ဖြစ်တယ်ဆိုပေမဲ့လည်း သူတို့က ကိုယ့်ထက်ခြေလှမ်း ၁၀၀ ထက်သာပြီးသားဖြစ်တဲ့အတွက် ဖြစ်လည်း ပြဿနာမရှိဘူး။ ပြန်တည်ဆောက်လည်း အဆင်ပြေတယ်။

ကိုယ်တွေက နောက်ကောက်ကျန်နေတဲ့အတွက် လက်ရှိ စစ်မက်တွေကို ဆွေးနွေးပွဲတွေအနေနဲ့ပဲ ရပ်စဲစေချင်တယ်။ ရပ်စဲပြီးတော့ ဖြစ်နိုင်တဲ့ အနေအထားကနေပြီးတော့ ကျနော်တို့ ပြောပြောနေတဲ့ ဖက်ဒရယ်ပေါ့။ ဘာလုပ်မှာလည်းဗျာ အဲ့စခန်းကုန်းထဲမှာ တစ်ရက်တစ်ရက် ထမင်းချက်စားလိုက် ထိုင်လိုက်နဲ့ လုပ်နေမဲ့အစား စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ကိုယ့်နေရာ ကိုယ့်ဒေသယူပြီးတော့ တောင်ယာစိုက်စားပြီးတော့ ဒေသခံတွေ ပိုက်ဆံမရဘူးလား။ အဲ့နေရာမှာ အဲ့ဒါကြီးလုပ်ထားတော့ ဘာဝင်ငွေများ ရမှာမိုလို့လဲ။ အဓိက ကတော့ ပြည်သူလူထုတွေ ဝင်ငွေကောင်းခြင်းဖြင့် တိုင်းပြည်က အများကြီး ဖွံ့ဖြိုးတိုးတက်မှာပဲလေ။ အဲ့ဒါကြောင့် ဒီစစ်မက်တွေကို ငြိမ်းချမ်းရေးဆွေးနွေးမှုအနေနဲ့ သူတင်းကိုယ်တင်းအနေနဲ့အဆင်မပြေဘူး။ သူ့လျော့ ကိုယ်လျော့အနေနဲ့ ညှိနှိုင်းမှုတွေလုပ်။ ဘာပဲဖြစ်ဖြစ် သေလည်း သေခဲ့ကြပြီးပြီး ကြေလည်း ကြေခဲ့ကြပြီးပြီး ဖြစ်တဲ့ အတွက် စားပွဲပေါ် ပြန်ရောက်ပြီးတော့ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမဲ့ စနစ်တစ်ခုပေါ့ တိုင်းရင်းသား ညီအစ်ကိုတွေနဲ့အတူတူ တိုင်းပြည်တိုးတက်အောင် လုပ်သင့်ပြီး အများကလည်း လက်ခံထားတဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်တင်မြောက်ပြီး နိုင်ငံအတွက်ကို ဦးဆောင်ဖို့အတွက်ကို ပိုပြီးတော့ ဖြစ်သင့်တယ်လို့ နှလုံးသားကနေ ခံစားမိပါတယ်။

မေး – ဒီကိုရောက်လာပြီးဆိုတော့ ဗိုလ်မှူးရဲ့ ရှေ့ရေးအတွက် ဘာတွေလုပ်သွားဖို့ စဉ်းစားထားလဲ။

ဖြေ – အခုလက်ရှိမှာ ကျနော့်မှာလည်း ဝင်ငွေမရှိတော့ဘူး။ တပ်ထဲမှာ နေလာတယ်ဆိုပေမဲ့လည်း သူများတွေလိုပဲ သိပ်ပြီးတော့ ကံမကောင်းခဲ့ဘူး။ ဘာမှတော့ ကျနော့်မှာ ပိုင်ဆိုင်မှုမရှိဘူး။ ရှိတဲ့ ပိုင်ဆိုင်မှုနည်းနည်းကလည်း အခုလောက်ဆို ကျနော့်ဆိုင်ကယ်လေးတွေ ဘာလေးတွေလည်း သွားလောက်ပြီးထင်ပါတယ်။

အနာဂါတ်မှာ ဘာလုပ်ချင်လဲဆိုတော့ လူသားဖြစ်တဲ့အတွက် သူများကိုလည်း မှီခိုနေလို့မရဘူး။ မရတာဖြစ်တဲ့အတွက် ဝင်ငွေရအောင် အလုပ်လေးတစ်ခုတော့ လုပ်ချင်တယ်။ ပြီးတော့ ကျနော်က လူငယ်တစ်ယောက်အနေနဲ့လည်း တိုးတက်ချင်တယ်။ အဲ့တော့ ကျနော့်ဘဝကို အေးအေးချမ်းချမ်းနဲ့ တိုးတက်တဲ့ လုပ်ငန်းကိုင်ငန်းကို ကြီးကြီးတက် ချမ်းသာတာမဟုတ်ရင်တောင်မှ လူ့အဆင့်အတန်းနဲ့ နေနိုင်တဲ့ အနာဂါတ်မှာ နေချင်တယ်။ အခုက ရာထူးတွေ တာဝန်တွေမရှိတော့ဘူး။ မရှိတာဖြစ်တဲ့အတွက် တစ်ခုကတော့ ဝင်ငွေမရှိတာကလွဲရင်တော့ တာဝန်တွေ ပေါ့ပါးသွားတယ်။ ကျနော့်ကို ဆဲမဲ့သူလည်း မရှိတော့ဘူး။ မဟုတ်ရင် ကိုယ်က ဘယ်လိုပဲ ကောင်းအောင်လုပ်လုပ် အဆဲခံနေရတာ။ အောက်ကရဲဘော်တွေကော အထက်ကကော ကိုယ့်ကို ဆဲမဲ့သူမရှိတော့ ဒီအပူလုံးကြီး မရှိတော့တဲ့အတွက် ဝမ်းသာမိပါတယ်။

မေး – အခွင့်သာမယ်ဆိုရင်ကော တပ်မတော်မှာ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ ဆန္ဒရှိလား။

ဖြေ – ကျနော် မထမ်းဆောင်ချင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်အတွက် လိုအပ်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲ့လိုမဟုတ်ဘဲနဲ့ အဖွဲ့အစည်းတစ်ခု တစ်ရပ်အနေနဲ့ကတော့ ကျနော် မလုပ်ချင်တော့ဘူး။ နံပတ်တစ်ပြောရရင် ကျနော်က စစ်ရှုံးတယ်။ စစ်ရှုံးပြီးသားလူတစ်ယောက်ကို မခိုင်းတာလည်း ကောင်းပါတယ်။ ကိုယ်ကလည်း မလျှောက်လှမ်းချင်တာဖြစ်တဲ့အတွက် သာမန်ပြည်သူလူထု ရင်ခွင်ထဲမှာပဲ သာမန်အရပ်သားတစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားချင်ပါတယ်။

မေး – အခု ကိုယ်နဲ့ အတူတူအဖမ်းခံလိုက်ရတဲ့ လက်အောက်ငယ်သားတွေအတွက်ကော ဘာတွေ စဉ်းစားထားတာမျိုးရှိလဲ။

ဖြေ – သူတို့အတွက် ၂ မျိုးတော့ စဉ်းစားထားတာပေါ့။ တစ်မျိုးက ဒီဘက်မှာ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုခုရဖို့ပေါ့။ နောက်တစ်ခုကတော့ အဖိုးကလည်း ပြောပါတယ်။ တတိယနိုင်ငံသွားဖို့အတွက်ကိုလည်း စဉ်းစားထားပေါ့။ သူတို့ဘက်ကလည်း အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန်ဖြစ်အောင် ကူညီပေးသွားမယ်ပေါ့။

ဒီမှာလုပ်မယ်ဆိုရင်တော့ လုံခြုံရေးနဲ့ပတ်သက်ပြီး သိပ်စိတ်မချရဘူး။ အဲ့တော့ သူတို့ကို သွားတာလာတာကအစ လုံခြုံရေး သတိထားဖို့ အကြံပေးထားတာ ရှိပါတယ်။ ဒီမှာက အမြဲတမ်းရပ်တည်ရေးအတွက်က အဆင်မပြေလောက်ဘူးလို့ စဉ်းစားမိတယ်။ အဲ့တော့ သူတို့ကို တတိယနိုင်ငံကိစ္စကို မေးတယ်။ တော်တော်များက လူပျိုဖြစ်တော့ သွားချင်ကြတယ်။ အခုက လူငယ်ဖြစ်တာတစ်ကြောင်း ကျနော့်လက် ကျနော့်ခြေနဲ့ ဘာမှ မလုပ်ခဲ့ရတဲ့အတွက် ကိုယ့်ရဲ့ လွတ်လပ်မှုနဲ့ စွန့်စားကြည့်ချင်တယ်။ တချို့တွေကတော့ သွားမယ်။ ၂ ယောက်လောက်ကတော့ မသွားဘူးပေါ့။ ဒဲ့ပြောရရင် နိုင်ငံရေး ခိုလှုံခွင့်ပေါ့။

တစ်ခုလည်း စိတ်မကောင်းဖြစ်မိတယ်။ ကျနော်တို့ နှစ် ၂၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်။ စစ်သားတစ်ယောက်အနေနဲ့ အမိန့်တွေ တော်တော်နာခံခဲ့တယ်။ လက်ရှိမှာ ၁၀ ခါ ကောင်းခဲ့ပေမဲ့ တစ်ခါဖြစ်သွားတဲ့အပေါ် မူတည်ပြီး ဒီပြဿနာရဲ့ အားလုံးကို ကျနော့်ခေါင်းပေါ် ပုံချလိုက်ပြီး။ ပြီးတော့ ကျနော်က ပြည်ပြေးလည်း မဟုတ်ဘူး၊ ရာဇဝတ်သားကောင်လည်း မဟုတ်ဘူး။ ယုတ်မာရိုင်းစိုင်းတဲ့ သူတစ်ယောက်လည်း မဟုတ်ဘူး။ ကျနော့်ကို နားလည်လက်ခံပေးနိုင်မဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုတော့ ရှိမယ်လို့တော့ ယူဆတယ်။ အဲ့တော့ နံပတ်တစ်အနေနဲ့ နိုင်ငံရေး ခိုလှုံခွင့်ယူမယ်။ ပြီးတော့ နိုင်ငံသားအဖြစ်လည်း ခံယူချင်တယ်။ လက်ရှိဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းပြောရရင် ဒီ (တိုင်းရင်းသား) ဘက်ကို သိပ်ဒေါသမထွက်ဘူး။ ဟိုဘက် (စစ်တပ်) ကို တော်တော်ဒေါသဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့ ဒီတိုက်ပွဲကြီးတစ်ပွဲကို တိုက်တော့မယ့်အခါ သူတို့မှာ အရံစီမံချက်တွေ တားထားတယ်။ ပြီးတော့ ရေပက်မဝင်တဲ့ စီမံချက်တစ်ခုပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အထောက်အပံ့ဖြစ်ခြင်းဆိုတာလည်း ရှိတယ်။ ကျနော်တို့မှာ အခြေအနေမှန်ကို တင်ပြတော့လည်း လက်မခံဘူး။ အောက်ကိုပဲ လိမ့်ပြီးတော့မှ မဟုတ်ဘူး မဟုတ်ဘူး ပြောပြောနေတော့။ ကျနော်က ဒီအဆင့်ကို ကျနော့်အသက်အရွယ်နဲ့ ကံစမ်းမဲပေါက်ပြီးတော့ ကျနော် မရောက်ဘူး။ ကျနော်လည်း အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ရတယ်။ အဲ့ဒါကို ကျနော်ပြောတာကို လက်မခံခဲ့ကြဘူး။ သူတို့သာ ကျနော့်နေရာမှာဆိုရင် စိန်ခေါ်ကြည့်ချင်တယ်။ ရှင်းရှင်းပြောရရင် မကျေဘူး သူတို့ကို။ အခွင့်ကြုံရင် သူတို့နဲ့ တစ်ပွဲတစ်လမ်း မင်းသာဆိုရင် ငါ့နေရာမှာ လုပ်ကြည့်အုံးဆိုတာမျိုးကို ပြောချင်တယ်။

မေး – ဒါဆိုရင် အထက်လူကြီးတွေက ရှေ့တန်းရောက် တပ်မှူးတွေကို ဆက်ဆံမှုက ဘယ်လိုပုံစံရှိလဲ။

ဖြေ – ပွင့်ပွင်းလင်းပြောရရင် ယုံကြည်မှုပိုင်းက အင်မတန်အားနည်းတယ်။ အခြေအနေမှန်ကို တင်ပြရင်လည်း လက်မခံဘူး။ ဒီက ကောင်လေးတွေ (လက်အောက်ငယ်သား) က ကျနော့်ကို စိတ်ဆိုးတယ်။ ကျနော်ခိုင်းလိုက်လို့ ကျနော် ခွင့်ပြုလို့ သွားရင်းနဲ့ ဖြစ်တဲ့ကိစ္စကို ကျနော့်အပေါ်မှာ သံသယဝင်ပြီး စိတ်ဆိုးတယ်။ မှန်ပါတယ် သူပြောတာကို လက်ခံတယ်။ ဒါပေမဲ့ အကြီးတစ်ယောက်အနေနဲ့တော့ စိတ်ထဲမကောင်းဘူး။ ဒါပေမဲ့ ကျနော့်အထက် တပ်မှူးတွေအပေါ် ဘယ်လို ဆက်ဆံလဲဆိုတာကို ပြောပြမယ်။ နေလာတာ ဒီလောက်ကြာပြီ၊ မင်းတို့ ဘယ်လိုစားလဲ၊ မင်းတို့နောက်က ပို့တဲ့ လစာတွေ၊ စစ်ဆင်ရေး စားရိတ်တွေ မင်းတို့ ဘယ်လိုများယူနေကြလဲ တစ်ချက်မမေးဘူး။ ကျနော်တို့က မြေပြင်မှာ အဆင်ပြေအောင် တပ်မှူးအနေနဲ့ ဖြစ်အောင်လုပ်ပေးတယ်။ လပေါင်းများစွာ လွတ်ခဲ့တယ်။ ဒီတစ်ခေါက်တော့ မလွတ်တော့ဘူး။ မလွတ်တော့ ဖြစ်သွားတယ်။ ဖြစ်သွားတော့ စောက်သုံးမကျဘူးဖြစ်သွားတယ်။

သူတို့‌ရော ကိုယ့်ကိုကို အပြစ်ကင်းတယ်လို့ မြင်ရဲ့လား။ အဲ့အခြေအနေကိုကော မြင်ရဲ့လား။ လူ့ရဲ့ သဘောသဘာဝအရ ဒီရသင့်ရထိုက်တဲ့ လုပ်ခလစာကို ရှင်းရှင်းပြောရရင် နိမ်တာမဟုတ်ဘူး။ ဒီကောင်လေးတွေက စာပေပိုင်းဆိုင်ရာမှာ စာဖတ်အား တအားနည်းပါးတော့ အတွေးအခေါ်ပိုင်းမှာ အားနည်းကြတယ်။ သူတို့အဆင့်လိုက်။ သူတို့ကို လုပ်ခလစာ ၆ လမပေးဘဲ အဲ့အတိုင်းထားကြည့်လိုက် ဘာတွေဖြစ်သွားမလဲ။ သူတို့က စားဖို့သောက်ဖို့ လုပ်လာမယ်။ လုပ်လာရင် ကျနော့်တို့ ခေါင်းပေါ်ရောက်လာမယ်။ ကျနော်လည်း လက်လှမ်းမီသလောက် ကျနော့်အဆင့်လေးနဲ့ ဖြတ်ထုတ်ပြီးတော့ ရှင်းပေးတယ်။ ဒါကို သူတို့က မှန်တယ် မှားတယ် ပြောတာပေါ့။ ကားတွေကြုံနေတယ် မင်းတို့အတွက် ငါးခြောက်ဆိုတာ လေထဲမှာပဲ ပျောက်ကွယ်သွားတယ်။ သူတို့ တခါမှ မမေးဖူးဘူး။ ဖြစ်လာမှ ကျနော်တို့ခေါင်းပေါ် အကုန်လုံး ထိုးချတယ်။ ဒီစခန်းရဲ့ စွန့်ခွာမှုက နိုင်ငံတော်ရဲ့ ပြည်သူလူထုရဲ့ ဘဏ္ဍာရေး နစ်နာဆုံးရှုံးမှုဖြစ်တယ်၊ ကျနော်တို့က သေသင့်တယ်။ ကြိုးစင်တက်ရမယ်ဆိုတဲ့ အနေအထားကို သူတို့က ဆုံးဖြတ်သုံးသပ်တော့ ကျနော်လည်း ယောကျာ်းတစ်ယောက်အနေနဲ့ ထိုးထွင်းကြံဆပြီး အကောင်းဆုံးလုပ်ခဲ့တာပဲ။

စွန့်ခွာမှုဆိုပေမဲ့ အသက်မသေရေးအတွက် နောက်ဆုံးမှာ လူ့အသက်ထက် ဘာမှအရေးမကြီးဘူး။ ဒါတွေက ဘာလုပ်မှာလဲ။ ကျနော်အတတ်နိုင်ဆုံး အောက်ဘက်အဖွဲ့ကို အတတ်နိုင်ဆုံး ကာကွယ်ပေးခဲ့တယ်။ ဒါကို သူတို့က မြင်ချင်မှမြင်လိမ့်မယ်။ အခုအချိန်ထိလည်း သူတို့အပေါ် စေတနာမပျက်ပါဘူး။

မေး- အခု အဲ့မှာရှိတဲ့ စခန်းတွေရဲ့ စားရေးသောက်ရေးအတွက် ဘယ်လိုစီမံပေးတာလဲ။

ဖြေ – ရှင်းရှင်းပြောရရင် မောခီးက စမှာပေါ့။ မောခီး၊ ကနယ်လေး၊ ဘုရင့်နောင် အဲ့ဒါတွေရှိမှာပေါ့။ ကျနော်တို့ မောခီးကမှ Joint မလုပ်ပေးရင် ဟိုဘက်က အဖွဲ့ စားစရာမရှိဘူး။ အဲ့ဒါကြောင့် ဒီကနေ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို တစ်ခါဝယ်ရင် လေးငါးဆယ်သိန်းဖိုး ဝယ်ပေးလိုက်တယ်။ ဝေါလေက မြို့ပေါ်ဖြစ်တဲ့အတွက် စျေးဆိုင်တွေရှိတယ်။ သူတို့က ဝယ်စားလို့ရတယ်။ အဓိက ငတ်တာကတော့ မောခီး၊ ကနယ်လေး၊ ဘုရင့်နောင်ပေါ့။

တချို့ ဒီမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တပ်ရင်းမှူးတချို့ ရှိပါတယ်။ ဒီငတ်ပြတ်တဲ့ အခြေအနေကို သူတို့လည်း သိပါတယ်။ ဒါပေမဲ့ သူတို့ ခေတ်တုန်းက ဒီလောက် နိုင်ငံရေးအခြေအနေက မရှုပ်ထွေးသေးတော့ အဲ့လောက် မဆိုးဘူး။ ကျနော်တို့က ဒီမှာ နှစ်ပေါက်နေပြီး တာဝန်ထမ်းဆောင်တာ။ သူတို့ တစ်ခါမှ မမေးခဲ့ပါဘူး။ အဲ့အခြေအနေတွေကို။ အဲ့ဒါနဲ့ အမြဲတမ်း အဆင်ပြေအောင် စွန့်စားရတာပေါ့။ ဒီငါးပိထုတ်လေး တစ်ထုတ်၊ လစာလေး နည်းနည်းကိုရဖို့ ဘယ်လောက် စွန့်စားရလဲဆိုတာ အောက်ကလူတွေက မသိလောက်ပေမဲ့ ကျနော်နဲ့ တွဲလုပ်တဲ့ အရာရှိငယ်လေးတွေတော့ ကောင်းကောင်းသိပါတယ်။

မေး – အခု ခုခံတော်လှန်စစ်မှာ ပါဝင်နေတဲ့ PDF တွေက တချို့ဆို ပညာတတ်တွေ ပညာရှင်တွေ ပါဝင်ကြတယ်။ အဲ့ဒီကလေးတွေရဲ့ ခုခံတော်လှန်စစ်အပေါ်မှာကော တပ်မှူးတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ – ကျနော်လက်ရှိ ကြုံခဲ့ရသလောက်ပေါ့ သူတို့က တော်ပါတယ်။ ဘာလို့တော်လဲဆိုရင် တိုက်ရည်ခိုက်ရည်က မြေပြင်မှာ ဘယ်လောက်မှ မဟုတ်ပေမဲ့ သူတို့က ပညာတတ်တွေဖြစ်တယ်။ တော်တော်များများက ပညာတတ်တော့ ခေတ်မီ ဒရုန်းလိုဟာမျိုးကို အသုံးချတယ်။ ကျနော်တို့ဆီမှာကတော့ ရှိတယ်။ ဒါပေမဲ့ အသုံးမချနိုင်ဘူး။ ကျနော်တို့မှာ ဘာကန့်သတ်ချက်တွေရှိလဲဆိုတော့ သူတို့ဟာက အများပိုင်ဖြစ်တယ်။ စျေးကလည်း ကြီးတယ်။ မစမ်းရဲဘူး။ စမ်းလိုက်လို့ ပျက်သွားရင် ငါလည်း မလျှော်နိုင်ဘူး။ အထုလည်း ခံရမယ်ဆိုတော့ အဲ့ပစ္စည်းကြီးကို မသုံးဘူး။ ဒါပေမဲ့ သူတို့ကတော့ ခေတ်ပညာတတ်လည်းဖြစ်တယ်။ ကိုယ်တတ်ကျွမ်းထားတဲ့ ပညာရပ်အပေါ်မှာ ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့ စိတ်ကူးထားသလို အသုံးချပိုင်ခွင့်လည်း ရှိတဲ့အတွက် အဲ့ပစ္စည်းတွေကို တခါတည်း အသုံးပြုနိုင်တယ်။ ကျနော်ကတော့ ချက်ချင်းသိတယ်။ ဒရုန်းမှာ ဗုံးတွေ ချိတ်ထားသလား။ သူတို့က ပညာတတ်ဖြစ်တော့ သူတို့ရဲ့ လှည့်စားမှုတွေက အရမ်းကောင်းပါတယ်။ စစ်တိုက်တယ်ဆိုတာကလည်း ဉာဏ်ကစားတာကို။ ကျနော်လည်း တတ်သလောက် သိသလောက်နဲ့ ဖယ်ရှားပစ်တယ်။ တတ်နိုင်သလောက်။ သူတို့ ဗုံးမချိတ်ထားဘူး။ သူတို့ ငါ့ကို ဓါတ်ပုံရိုက်သွားပြီး တတ်နိုင်သလောက် ပုံဖျက်ရမယ်။ ပြီးသွားရင် ဘယ်နေရာမှာ ပြန်ဝင်ရမလဲဆိုတာ လုပ်ထားတယ်။

ဒါပေမဲ့ ပြောရမှာတောင် ရှက်ဖို့တောင် ကောင်းတယ်။ လူညီမှုပေါ့ Team Work ပေါ့။ ကျနော်တို့ဘက်က လုပ်နေကြတဲ့ Team work ပိုင်းမှာ ဦးနှောက်အသုံးချမှု အားနည်းတော့ ဘောလုံးစကားနဲ့ပြောရရင် ခံစစ် တိုက်စစ်ပိုင်းကို မပိုင်နိုင်ဘူး။ ဟိုဘက်က ခံစစ်ဆိုရင် ခံစစ်၊ တိုက်စစ်ပိုင်းဆို တိုက်စစ် ပိုင်နိုင်တယ်။ ပြီးတော့ ဆက်သွယ်မှုစနစ်က သူတို့က လေ့ကျင့်ပေးထားတဲ့အတိုင်း လိုက်နာတယ်။ ကျနော်ကြတော့ လက်တံ နှစ်ဖက် ပြုတ်သွားတယ်။ အမှန်က ကျနော်က ကွန်မန်ဒါပေါ့။ အထိုင်အနေနဲ့ ကစားရမှာ။ ကျနော်က မြေပြင်ရော အထိုင်ရော လိုက်တဲ့အချိန်မှာ ကျနော့်အောက်ကလူကို ဆက်သွယ်ရေးစက်ပေးလိုက်တယ်။ ကျနော်က ဖွင့်ပေးထားတယ်။ သူတို့က နှိပ်လိုက်တယ် ပိတ်သွားတယ်။ အဲ့မှာ ကျနော်က ပြောလို့ အဆင်မပြေတော့ဘူး။ အဲ့တော့ ကိုယ့်ဆီကအကောင်က Team work အပေါ်မူတည်ပြီးတော့ နားကိုမလည်တာ။ ဒီပစ္စည်းတွေကို အသုံးမချနိုင်ဘူး။ ဟိုဘက်က စာတတ်တော့ အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ဟာကို ဖတ်လိုက်တာနဲ့ တန်းသဘောပေါက်တော့ အသုံးချနိုင်တယ်။ ကိုယ့်ဆီမှာကျတော့ ဒါလေးနှိပ်ပြီး ဒီလိုပြောတာကို ဘာနှိပ်လိုက်လဲ မသိဘူး။ နံပါတ်ပြောင်းပြီး စကားပြောမရတော့ဘူး။ အဲ့တော့ နည်းပညာအရပဲဖြစ်ဖြစ် လူညီမှုအရပဲဖြစ်ဖြစ် ကျနော့်ပွဲမှာ ကစားတဲ့အချိန်မှာ ကျနော်ရှုံးသွားတာပေါ့။

မေး – အခု အာဏာသိမ်းမှုနောက်ပိုင်း ထွက်ပေါ်လာတဲ့ NUG အစိုးရတို့ CRPH တို့လို့မျိုး အဖွဲ့တွေကို ဘယ်လိုမြင်လဲ။

ဖြေ – ကျနော်ကတော့ အများကြီးမသိပါဘူး။ ကျနော်သိတာက ဒေါက်တာဇော်ဝေစိုးလား။ ကာကွယ်ရေးဝန်ကြီးက ဦးရည်မွန်လား ကျနော် အဲ့လောက်ပဲ သိတယ်။ သူတို့ Video Conferencing လုပ်နေတာကိုတော့ ကျနော် တော်တော်များများ ကြည့်ဖြစ်တယ်။ ကျနော် DVB က ကြည့်တယ်။ Mizzima က ကြည့်တယ်။ သူများတွေက အဲ့အချိန်မှာ မကြည့်နဲ့လို့ ပြောထားပေမဲ့ ကျနော်ကတော့ ကြည့်တယ်။ ကြုံရင် ကြုံသလို ကြည့်ဖြစ်တယ်။ သူတို့ ပြောတာ ဆိုတာလေးတွေကို နားထောင်ဖြစ်တာပေါ့။ သူတို့အပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတော့ စော်ကားတာတော့ မဟုတ်ပါဘူး။ သူတို့ကို လေလိုင်းပေါ်က အစိုးရလို့လည်း ပြောထားကြတာကိုး။ သူတို့ရဲ့ နောက်ကွယ်ကနေ တိုက်ပွဲအတွက် ပံ့ပိုးပေးမှု ကူညီပေးမှုပေါ့။ အဓိက တိုက်ပွဲတစ်ပွဲမှာ Admin ပဲ။ ကျနော်တို့ ငယ်ငယ်ကပြောသလို Admin ပိုင်မှ စစ်နိုင်မယ်ဆိုတာမျိုးပေါ့။ သူတို့က Admin ပိုင်းကိုတော့ ဖြည့်ဆည်းပေးပေမဲ့ အားနည်းချက်လေးတွေတော့ ရှိတာပေါ။ ဒါပေမဲ့ သူတို့လည်း အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ပေးတယ်လို့ မြင်တယ်။

နောက်တစ်ခုက နိုင်ငံရေးယန္တရားလှည်ပတ်မှုနဲ့ ဒီဘက်ကနေ သွားနေတဲ့ အပိုင်းမှာလည်း ဘယ်သူ့ဘက်မှ ပါပြီးပြောတာတော့ မဟုတ်ဘူး။ လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်တုန်းကတော့ အတူတူပဲ။ လွတ်လပ်ရေးရမှ ခွဲခြားခွဲခြားတွေ ဖြစ်ကုန်တာကတော့ များတယ်လေ။ များတော့ ဒီဟာတစ်ခုတည်းကိုပဲ မရည်ညွန်းဘဲနဲ့ အပြဲပြဲ အကွဲကွဲမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်သွားနိုင်ရင်တော့ သူတို့အနေနဲ့ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ ထင်မိတာပေါ့။

မေး – နောက်ဆုံးအနေနဲ့ အလွှာစုံရှိနေတဲ့ ပြည်သူတိုင်းကို ဘယ်လိုသတင်းစကား ပါးချင်တာမျိုးရှိလဲ။

ဖြေ – အလွှာပေါင်းစုံမှာရှိတဲ့ ပြည်သူလူထုကိုတော့ ကိုယ်ယုံကြည်ရာ လုပ်နေတဲ့အတွက် သူတို့ မှားယွင်းတယ်လို့တော့ ကျနော်မပြောရဲပါဘူး။ ပြောခွင့်လည်း မရှိဘူး။ ဒါပေမဲ့ ကိုယ်ယုံကြည်တဲ့ အနေအထားမှာ အစွန်းမရောက်ကြဖို့နဲ့ ဘာပဲဖြစ်ဖြစ် စစ်သားချင်းချင်း ရန်သူတောင်မှ ဒူးထောက်အရှုံးပေးရင် ရေလို လလို ဆက်ဆံပေးရတာပဲ။ အဲ့တော့ ကိုယ့်တိုင်းရင်းသားအချင်းချင်း နိုင်ငံရေးကွဲလွဲမှုနဲ့ ဒီလိုဖြစ်နေမယ် ဆုတ်ယုတ်နေမဲ့အစား အများကို ကြည့်ပြီးတော့ပဲ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို စေ့စပ်ညှိနှိုင်းမှုတွေနဲ့ တိုးတက်အောင်လို့ အလွှာပေါင်းစုံအနေနဲ့ လုပ်သင့်တယ်လို့တော့ ကျနော်ကတော့ မြင်မိပါတယ်။

မေး – ဖြည့်စွက်မေးချင်တာက အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စေ့စပ်ညှိနှိုင်းရေးထက် သူ့ကို ခုခံ တော်လှန်နေတဲ့သူအားလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ တရားဝင် ပြောဆိုထားတဲ့အပေါ်မှာကော မှန်ကန်တဲ့ နည်းလမ်းဖြစ်တယ်လို့ ယူဆသလား။

ဖြေ – အဲ့ဒါက မှန်ကန်တဲ့ နည်းလမ်းလိုတော့ ကျနော်မမြင်ဘူး။ ဘာဖြစ်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အတ္တတစ်ခုရှိလို့ ချိတ်ချိတ်ချင်းမို့ ချိတ်တာလေး။ ကျနော်က ဖြောင့်ထားတယ် တစ်ဖက်က ချိတ်ပေမဲ့ ချိတ်လို့ မရဘူး။ နှစ်ဖက်စလုံးက ချိတ်လို့ ချိတ်တာပေါ့။ ဘာပဲဖြစ်ဖြစ် စစ်မက်ရေးကို လိုလားပြီးတော့မှ စစ်အင်အား ပြိုင်ဆိုင်မှုတစ်ခုအနေနဲ့ လုပ်မယ်ဆိုရင်တော့ ကျနော့်အနေနဲ့ မကောင်းဘူးလို့တော့ မြင်မိပါတယ်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here