မြဝတီမြို့နယ် ကျေးရွာနေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဆက်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရ

0
84

မတ်လ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။

မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ နို့ဖိုး-ထီးမူးထာ ကျေးရွာအတွင်း မတ် ၂၄ ရက် နံနက် ၅ နာရီကျော်အချိန်ခန့်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သား ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး ထိမှန်သေဆုံးပြီး ကျန် ၃ ဦးမှာ အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ကေအိုင်စီသို့ ပြောသည်။

နယ်မြေခံ ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ ဘက်မှ လက်နက် ကြီးဖြင့် ကျေးရွာအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ထီးမူးထာ ဒေသခံ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး နေအိမ်အတွင်း ရှိနေစဉ် ဦးခေါင်းထိမှန် သေဆုံးသွားပြီး ကျန်အမျိုးသမီးငယ်တစ်ဦးနှင့် လင်မယာနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“အဲ့ကလေးမလေးက မနက်အစောကြီး ထမင်းထချက်တာ။ လက်နက်ကြီးက သူ့အိမ်တည့်တည့်ပဲကျလာပြီး ပေါက်ကွဲတော့ သူ့ခေါင်းကိုထိသွားတာ သေသွားရော။ သူ ထမင်းချက်တဲ့နေရာမှာ သွေးတွေချည်းပဲ။ သူ့အမေကတော့ ဆေးရုံပို့ပါသေးတယ်။ ဒီမှာက ဘယ်ဆေးရုံဆေးခန်းမှ မဖွင့်တော့ လမ်းမှာပဲ သေသွားတယ်။” ဟု ပြောသည်။

မတ် ၂၄ရက် နံနက်အချိန်လောက်တွင် စစ်ကောင်စီမှ ၁၂၀ မမ ဖြင့် ၆ ချက်ခန့် လှမ်းပစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသမီးငယ်တစ်ဦးအပြင် ကျန်အမျိုးသမီးတစ်ဦးမှာလည်း ဆီးအိမ်နှင့် ခါးကို ထိမှန်ထားကာ လတ်တလောတွင် သတိမေ့နေပြီး ကျန်လင်မယားနှစ်ဦးမှာ ခြေထောက်ထိမှန်ထားပြီး နေအိမ် ၂ လုံးပါ ထိမှန်ခဲ့သလို ကားတစ်စီးလည်း ထိမှန်ပျက်စီးသွားကြောင်းလည်း အဆိုပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

အဆိုပါ သေဆုံးသွားသော အမျိုးသမီးငယ်သည် ယမန်နေ့ မတ်လ ၂၃ ရက်နေ့တွင် အသက် ၁၇ နှစ်ပြည့်ခါစသာရှိသေးပြီး ကျောင်းသူတစ်ဦးလည်း ဖြစ်သလို အခြား ဆီးအိမ်နှင့်ခါး ထိမှန်ထားသော နောက်ထပ် အမျိုးသမီးငယ်မှာလည်း ဆေးရုံဆေးခန်း မဖွင့်သောကြောင့် အောက်ဆီဂျင်ကျနေကာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်းလည်း သိရသည်။

အဆိုပါ ဒေသ၌ စစ်ကောင်စီနှင့် KNLA တပ်ဖွဲ့ဝင်များအကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး ထိုသို့ ထိတွေ့မှုဖြစ်ပွားသည်နှင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်တုံ့ပြန် ပစ်ခတ်လေ့ရှိကြောင်းလည်း ဒေသခံများက ဆိုသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here