ပူတာအို၊ အင်စီယန်တွင် တိုက်ပွဲပြင်းထန်နေ၊ စကစတပ်က ဂျက်လေယာဥ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်

0
208

၂၂ ဖေဖော်ဝါရီ ၂၀၂၂

ပူတာအိုမြို့နယ် အင်စီယန်ကျေးရွာအနီး ရှိန်ဂတ်ဘွမ့်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် ဂျက်လေယာဥ် ၂စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်နေကြောင်းသိရသည်။

“အခု ပစ်နေတာ ဂျက်လေယာဥ် ၂စီးဟုတ်တယ်။ အောက်ဖက်မှာလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်နေကြတယ်” ဟု အင်စီယန်ဒေသခံတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ KIA တပ်မဟာ ၁ လက်အောက် တပ်ရင်း ၇ အဖွဲ့နှင့် PDF ပူပေါင်းတပ်တို့က ရှိန်ဂတ်ဘွမ်တောင်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းတပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ တိုက်ပွဲဖြစ်ပွာနေဆဲဖြစ်သည်ဟု အင်စီယန်ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။

“တိုက်ပွဲစဖြစ်တာက ဖေဖော်ဝါရီ ၁ ရက်နေ့က စဖြစ်တယ်။ ဒီမနက် ၆ နာရီလောက်ကကနေ ၁၀ နာရီလောက်အထိ တစ်ကြိမ်ဖြစ်ကြတယ်။ ညနေပိုင်းက ၁ နာရီကနေ ပြန်ပြီး ဆက်တိုက် တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ ပြီးရင် လက်နက်ကြီးသံတွေက ပိုနီးလာသလို ကြားရတယ်။ ၂ ဖက်တပ်စလုံး ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်။ သူတို့ရဲ့ ထိခိုက်မှုတွေက ကျနော်တို့လည်း မသိရဘူး။ ရွာမှာက လက်နက်ကြီးတွေ ကျမှာစိုးလို့ ရွာသားတွေအားလုံး တောမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ပြောဆိုသည်။

KIA နှင့် PDF အဖွဲ့က စစ်ကောင်စီတပ်စခန်းကို ဝန်းရံပိတ်ဆို့ထားကာ သွားရောက်ပစ်ခတ်နေသောကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေသည့် အခြေအနေတွင်ရှိနေပြီး လက်ရှိအချိန်အထိ ၂ ဖက်တပ် ထိခိုက်မှုအခြေအနေကို သေးစိတ် မသိရသေးကြောင်း သိရသည်။

မြစ်ကြီးနား-ပူတာအို လမ်းမကြီးတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် ယနေ့မှစတင်ကာ လကုန်သည်အထိ မည်သည့်ယာဉ်များ သွားလာခွင့်မရှိအောင် လမ်းပိတ်ထားမည်ဖြစ်ကြောင်း KIA နှင့် နီးစပ်သူများထံမှ သိရသည်။

“လမ်းကတော့ ဒီနေ့ စပိတ်တယ်လို့ သိရတယ်။ ပူတာအိုဘက်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်လို့ KIA နဲ့ PDF က ခဏပိတ်ထားမယ်လို့ ပြောတာဘဲ။ ပြီးရင် အခုက စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားတာတွေ။ နောက် စစ်အင်အားဖြည့်တင်းလာတာတွေကို လုပ်လာလို့ လကုန်ပိုင်းအထိ ပိတ်ထားမယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် အင်စီယန်ကျေးရွာနှင့် ၁ မိုင်ခန့်သာရှိသည့်နေရာတွင် ဖြစ်သောကြောင့် ဒေသခံ အိမ်ခြေ ၄၀ ကျော်နှင့် လူဦးရေ ၂၆၀ ဝန်းကျင်ခန့်မှာ ကျေးရွာနှင့်နီးသည့် တောတွင်းနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် စားနပ်ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် လိုအပ်နေသည်ဟု အင်စီယန်ဒေသခံက ထပ်မံပြောဆိုထားသည်။

“ကျနော်တို့အခုတောထဲမှာနေတာ ၂ ပတ်လောက်ရှိလာပြီ။ အချိန်ကြာတော့ စားဖို့သောက်ဖို့ခက်ခဲလာတယ်။ ဒီဘက်မှာက အခုဆိုရင် အဆက်အသွယ် ဖုန်းလိုင်းတွေကလည်း ပိုခက်လာတယ်။ ဘယ်အဖွဲ့အစည်းကို အကူညီတောင်းရမှန်းလည်းမသိ။ ရွာထဲကိုပြန်ဖို့ဆိုလည်း ညဆို ဗမာစစ်သားတွေက ရွာထဲမှာ KIA ရှိတယ်ထင်လို့ လက်နက်ကြီးတွေပစ်တယ်။ အဲ့ကြောင့် ပြန်လို့လဲမရ။ အဓိကလိုအပ်နေတာက အစားအသောက်တွေနဲ့ ဆေးဝါးများလိုအပ်နေတယ်” ဟု ပြောဆိုသည်။

ထိုနည်းတူ လက်ရှိ ပူတာအိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် အင်စီယန်အပါအဝင် ဆွမ်ပီယန်၊ လုန်ရှာယန်နှင့် ဖတ်မာကျေးရွာတို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သောကြောင့် အဆိုပါ ကျေးရွာ ၄ ခု၏ ကျေးရွာဒေသခံ ပြည်သူထောင်ချီ တောတွင်းထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၂ ပတ်ခန့် ကြာမြင့်လာပြီဖြစ်သည့်အတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများပြောဆိုချက်မှ သိရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများမှာ လက်ရှိတွင် ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင်လိုသော်လည်း ၂ ဖက်တပ် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် တောတွင်းပင် အချိန်ကြာမြင့်စွာ ဆက်လက်တိမ်းရှောင်နေရမည်ဖြစ်ပြီး လုံခြုံသည့် တဲတန်းများဆောက်လုပ်ရန် မိုးကာနှင့် ပလတ်စတစ်များ ကူညီထောက်ပံ့ပေးကြရန် ဆက်လက်တောင်းဆိုထားသည်။

ထို့နောက် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် အင်စီယန်၊ ဆွမ်ပီယန်၊ လုန်ရှာယန်နှင့် ဖတ်မာကျေးရွာတို့တွင် ယခုဖြစ်ပွားနေသည့် တိုက်ပွဲထက် ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်တပ်သုံးလေယာဉ် ၂ စီးဖြင့် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ကို ပူတာအိုလေယာဉ်ကွင်းသို့ ပို့ချထားခဲ့ပြီး လေယာဉ်ကွင်းမှတဆင့် စစ်ကား ၅ စီးဖြင့် ပူတာအိုမြို့အတွင်းသို့ သယ်ယူခဲ့ကြောင်းလည်း ပြည်သူများပြောဆိုချက်မှ သိရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here