မိုင်းနင်းမိ၍ ခြေတစ်ဘက်ဆုံးရှုံးလိုက်ရသည့် ကျောင်းသား ဆေးကုသရန် အကူအညီလိုအပ်နေ

0
125

၂၀ ဇန်နဝါရီ ၂၀၂၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာမှ မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရသည့် ရှစ်တန်းကျောင်းသားတစ်ဦး ဆေးကုသရန် ငွေကြေးအခက်အခဲဖြစ်ပေါ်နေသဖြင့် အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

အဆိုပါကျောင်းသားမှာ အသက် ၁၆ နှစ်အရွယ် မောင်ဦးဘမောင်ဆိုသူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်းက ၎င်းတို့ရွာအနီးက တောင်တန်းသို့ ဟင်းရှာရန်သွားရာတွင် မိုင်းနင်းမိ၍ ညာဖက်ခြေထောက်ပြတ်သွားခဲ့ကာ ဘယ်ခြေထောက်မှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဆုံးရှုံးသွားရသည့်ခြေထောက်မှာ ပြန်လည်သက်သာလာသော်လည်း နောက်ခြေတစ်ဘက်မှဒဏ်ရာမှာ အနာမကျက်သေးသဖြင့် ဆေးကုသမှုခံနေရကာ ဆေးဝယ်ရန် ငွေကြေးအခက်အခဲတို့ရှိနေကြောင်း မိသားစုဝင်တို့က DMG သို့ပြောသည်။

“မိုင်းထိပြီး ပြတ်သွားတဲ့ညာခြေက ကောင်းသွားပြီ။ နောက်ဘယ်ခြေတစ်ဖက်က အနာမကျက်သေးတော့ ဆေးဆိုင်ကဆေးရည်တွေဝယ်ပြီး ကုသနေရတယ်။ တစ်ခါတစ်လေ ဆေးကုန်သွားလို့ ပိုက်ဆံမရှိရင်မဝယ်နိုင်ဘူး” ဟု ဦးဘမောင်၏ အစ်မဖြစ်သူ မမိုးနှင်းက DMG သို့ပြောသည်။

၎င်းတို့မိသားစုမှာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးနေရသူများဖြစ်ပြီး လက်ရှိတွင် စီးပွားရေးကျပ်တည်းမှုတို့ကြောင့် ဆေးကုသရန် ငွေကြေးအခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။

ကာယကံရှင်ဖြစ်သူ မောင်ဦးဘမောင်က “အနာကောင်းသွားရင်တော့ ကျောင်းပြန်တက်ချင်တယ်” ဟု DMG ကို ပြောသည်။

အဆိုပါဒဏ်ရာရသူအား ယခင်က နိုင်ငံတကာနှင့် အရပ်ဘက်အဖွဲ့အစည်းတချို့က ဆေးဝါးကုသရန် ငွေကြေး \အကူအညီတချို့ ပေးခဲ့သော်လည်း ယခုအခါ အဆိုပါအဖွဲ့အစည်းတို့မှလည်း လာရောက်ကူညီပေးမှုများ မရှိတော့သည့်အတွက် ဒုက္ခကြုံနေရခြင်းလည်းဖြစ်ကြောင်း မိသားစုဝင်တို့က DMG ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ ၃ နှစ်ခန့်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံအရပ်သားတို့မှာ မိုင်းနှင့်ဆက်စပ်သည့် စစ်ကျန်လက်နက်ခဲယမ်းတို့ ပေါက်က်ကွဲမှုတို့ကြောင့် သေဆုံးဒဏ်ရသူတို့မှာ ယနေ့အထိ ရှိနေဆဲဖြစ်သည်။

ယင်းသို့ မိုင်းထိလူနာများကို အစိုးရဘက်က ငွေကျပ် ၂ သိန်းခန့် ထောက်ပံ့မှုများကို တချို့ရရှိခဲ့သော်လည်း လူတိုင်းမှာရရှိခြင်းမရှိခြင်းကြောင့် မိုင်းထိမသန်စွမ်းများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ အလုပ်အကိုင်များဖန်တီးပေးမှုတို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများနှင့် NGO တို့က ကူညီပေးရန် လိုအပ်နေကြောင်း ရခိုင်မှ မသန်စွမ်းတစ်ဦးက ထောက်ပြသည်။

“ပြန်လည်ထူထောင်ရေးတွေ၊ တခြားတခြားကိစ္စတွေလည်း အများကြီးလိုအပ်သေးတယ်။ အခုလိုမိုင်းထိပြီးတော့ ကိုယ်အင်္ဂါတွေ ဆုံးရှုံးသွားသူတွေကို စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးမှုတွေ အစီအစဉ်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ NGO တွေကလည်း သူတို့အတွက် စားဝတ်နေရေးပြေလည်အောင်၊ အလုပ်အကိုင်ဖန်တီးပေးဖို့လိုအပ်တယ်” ဟု ၄င်းကပြောသည်။

ရခိုင်စစ်ပွဲနှင့် ဆက်စပ်ကာ မိုင်းနှင့်ဆက်စပ်ပစ္စည်းတို့ ပေါက်ကွဲမှုအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၄၉ ဦးနှင့် သေဆုံးသူ ၅၄ ဦးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here