PDF နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခံရသည့် တောင်ကုတ် လူငယ်ကွန်ယက်ဥက္ကဋ္ဌ၏ အမှုတွဲကို သံတွဲခရိုင်တရားရုံးသို့ တင်သွင်းထား

0
160

၁၈ ဇန်နဝါရီလ ၂၀၂၂

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသည့် တောင်ကုတ်မြို့နယ် လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦး၏အမှုတွဲကို သံတွဲခရိုင်တရားရုံးသို့ တင်သွင်းထားကြောင်း အမှုအားလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

ကိုမင်းကိုဦး၏အမှုကို ဇန်နဝါရီလ ၁၁ ရက်နေ့က သံတွဲခရိုင်တရားရုံးတွင် အမှုတွဲတင်သွင်းထားခြင်းဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးလုပ်ရန်အတွက် ချိန်းဆိုထားကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောသည်။

“အခုလာမဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးလုပ်ဖို့ချိန်းဆိုထားတယ်။ ပြီးတော့မှ အမှုကိုစပြီးစစ်ဆေးမှာဖြစ်တယ်”ဟု ၎င်းကပြောဆိုသည်။

တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ၎င်း၏နေအိမ်မှ ဖမ်းဆီးခဲ့ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်- ၅၀(ည) ဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

လက်ရှိ ကိုမင်းကိုဦးကို သံတွဲထောင်သို့ပို့ဆောင်ထားပြီး PDF ဖြင့်ဆက်စပ်သည်ဟု စွပ်စွဲခြင်းမှာ မှန်ကန်မှုမရှိဟု ဖခင်ဖြစ်သူ ဦးခင်မောင်စိန်က ပြောသည်။

“ကျနော်သားက အခုသံတွဲထောင်ကို ပြောင်းထားတယ်လို့သိထားရတယ်။ ကျနော့်သားက ဘယ် PDF အဖွဲ့မှလဲ မထောက်ပံ့ဘူး။ သက်သက်စွပ်စွဲတာဖြစ်တယ်။ အဲဒါကြောင့် မြန်မြန်လွှတ်ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

PDF အဖွဲ့များနှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးခံထားရသူ ၇ ဦးအထိရှိနေပြီး ထိုသို့ဖမ်းဆီးခံထားရသူများမှာ မြောက်ဦးနှင့် သံတွဲမြို့နယ်တို့မှ ဖြစ်ကြသည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here