လေယာဉ်ဖြင့် တိုက်ခိုက်နေပြီး ငြိမ်းချမ်းရေးကမ်းလှမ်းသည့် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဆွေးနွေးရန်မရှိကြောင်း KNPP ပြောဆို

0
126

၁၈ ဇန်နဝါရီ ၂၀၂၂

လေယာဉ်တိုက်ခိုက်မှုများ နှစ်ပတ်နီးပါး ဆက်တိုက်ခိုက်ခံနေရသည့် ကရင်နီပြည်နယ်ကို ငြိမ်းချမ်းရေးဆွေးနွေးရန် စစ်ကောင်စီခေါင်းဆောင်က ကမ်းလှမ်းလိုက်သော်လည်း KNPP အနေဖြင့် စေ့စပ်ဆွေးနွေးရန် မရှိဘူးဟု ပြောသည်။

စစ်ကောင်စီခေါင်းဆောင်က ဇန္နဝါရီလ ၁၅ ရက်နေ့ကကျရောက်သည့် နှစ် ၇၀ ပြည့် ကယားပြည်နယ်နေ့ကို ပေးပို့သည့် စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနဲ့ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “ကျနော်တို့ကတော့ ဘယ်လောက်ကမ်းလှမ်းလှမ်းလေ ကျနော်တို့ကတော့ သူတို့နဲ့ စေ့စပ်ဆွေးနွေးဖို့ မရှိဘူး။ ဒီနေ့ ကျနော်တို့ ကရင်နီပြည်က ဒီလောက်ကြေမွပျက်ဆီးနေပြီ၊ ကျနော်တို့ ဒီတိုက်ပွဲတွေမှာပေါ့နော် လက်နက်ကြီးတွေ၊ အမြှောက်ကားတွေ၊ နောက်ပြီးမှ လေယာဉ်တွေနဲ့ အသုံးပြုပြီးမှ ချေမှုန်းတိုက်ခိုက်နေတာ ဖြစ်တယ်။ ဒီလို တိုက်ခိုက်တဲ့ပွဲတွေမှာလည်း ကျနော်တို့ အပြစ်မဲ့ပြည်သူလူထုပါမကျန်ပေါ့နော် ဒီလိုလုပ်နေတဲ့ လုပ်ရပ်တွေကို ကျနော်တို့က လစ်လျူရှုပြီးတော့မှ ကျနော်တို့က စကားပြောမယ်၊ အပြစ်ခတ်ရပ်စဲရေး လုပ်မယ်ဆိုရင်တော့ ကျနော်တို့က မလုပ်နိုင်ပါဘူးလို့။ ဒါကတော့ ရှင်းရှင်းလေးပါပဲ။ နိုင်ငံရေးအရပဲဖြစ်ပါစေ ကျနော်တို့ လက်ရှိ မြေပြင်ရဲ့ အနေအထားအရပါပေါ့နော် ကျနော်တို့က လက်ခံသွားဖို့ မရှိပါဘူးလို့ အဲ့ဒါလေး ပြောချင်ပါတယ်” ဟု ပြောသည်။

လေယာဉ်ကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်ဆင်တိုက်ပွဲများ ပြင်းထန်နေသည့် ကရင်နီပြည်နယ်ကို ပြည်နယ်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ထာဝရငြိမ်းချမ်းရေးကို သားစဉ်မြေးဆက်ခံစားနိုင်ရန် တည်ဆောက်သွားကြရန်နှင့် ငြိမ်းချမ်းရေး ခြေလှမ်းသစ်များ ပြန်လည်စတင်နိုင်ရန် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ထားသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သည့် သဝဏ်လွှာထဲတွင် ရေးသားထားသည်။

ကရင်နီပြည်နယ်အတွင်း လက်ရှိဖြစ်ပျက်နေသည့် စစ်ပွဲများနှင့် ပြည်သူများ ချိုးဖောက်ခံနေရသည့် အခြေအနေများကို လစ်လျူရှုကာ KNPP အနေဖြင့် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးစရာ အကြောင်းမရှိသလို စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ လုပ်ဆောင်မည့် ဆွေးနွေးပွဲများကိုလည်း လက်ခံစရာ မကြောင်းမရှိဘူးဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။

“ကျနော်တို့ NUCC, NUG အစရှိတဲ့ပေါ့နော် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို လုပ်သွားကြမယ်လို့ ကျနော်တို့ သံဓိဌာန်ချထားကြတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်နေတာဖြစ်တယ်။ ဆိုတော့ ဒီနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်မယ်ဆိုလို့ရှိရင် ကျနော်တို့က ဘယ်လို preconditions တွေထားမှာလဲ၊ ဆိုတော့ ၂၀၀၈ လက်အောက်ကနေပြီးမှ ကျင်းပပြုလုပ်တဲ့ negotiation dialogue ကိုတော့ ကျနော်တို့က လုံးဝလုပ်သွားမှာ မဟုတ်ဘူး။ ၂၀၀၈ ကို အခြေခံပြီး ဆွေးနွေးမယ့် ဆွေးနွေးပွဲမှန်သမျှကို ကျနော်တို့ လက်ခံမှာမဟုတ်ဘူးပေါ့ နော်။ အဲ့ဒါတစ်ချက်ပါ။ ဒါကတော့ နိုင်ငံရေးအရပါပြောတာ။”

တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့် တဖက်တွင် ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေး စစ်ကောင်စီခေါင်းဆောင်က သဝဏ်လွှာပေးပို့ခြင်းကလည်း တဖက်မှ ကြည့်မည်ဆိုပါက ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးဆိုသည့် အချက်ထက် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးဖိချင်သည့်သဘောမျိုး ဖြစ်နေသည်ဟု ဦးအောင်ဆန်းမြင်က ဆက်ပြောသည်။

“တိုက်ပွဲတွေဖြစ်တာတော့ မေလ ၂၀ ရက်နေ့ နောက်ပိုင်းကနေစပြီး ဖြစ်တာပေါ့နော်။ တစတစထက် ဖြစ်လာရင်းနဲ့ ခရစ္စမတ်မတိုင်ခင်ညမှ အပြစ်မဲ့လူထု လေးဆယ်ကျော်ကို အကြောင်းမဲ့ မီးရှို့သတ်လိုက်တဲ့အပေးမှာ နိုင်ငံတကာကလည်း ဒါကို အားလုံးသိသွားတယ်။ ဒါက လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း စစ်အာဏာရှင်ရဲ့ လုပ်ရပ်ချိုးဖောက်ပြလိုက်တယ်ဆိုကို ကမ္ဘာကသိသွားပြီ။ ဒီပြည်နယ်ထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကလည်း ကမ္ဘာကလည်း သိနေပြီ။ သိအောင်လည်း ဖော်ထုတ်ထားတယ်။ သူတို့က လက်ရှိ ပြည်တွင်းစစ်လို့ ပြောပေမယ့် နိုင်ငံတကာရဲ့ မျက်နှာစာမှာတော့ ဒါသူတို့အတွက် မျက်နှာကောင်းမှာ မဟုတ်ဘူး။ ဒါက အခုနကပြောသလိုပေါ့ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုကို ချိုးဖောက်သလို အစုလိုက်အပြုံလိုက်ပေါ့နော် လူမျိုးတုန်းသတ်ဖြတ်တာတွေလည်း ပေါ်နေပြီ။ ပေါ်နေတော့ ဒါတွေကို အဖတ်ဆယ်နိုင်ဖို့အတွက် လုပ်တာပါပဲ။ ရလိုရငြားပေါ့နော်။ ဒီလောက်ပါပဲ ကျနော်သုံးသပ်တာကတော့။”

ငြိမ်းချမ်းရေးဆွေးနွေးရန် သဝဏ်လွှာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့ထားသော်လည်း တဖက်တွင် စစ်ကောင်စီတပ်နှင့် KA, KNDF, PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများက လျော့ကျမသွားခြင်းမရှိပေ။

တောရောမြို့ပါမကျန် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။

လေကြောင်းပစ်ခတ်မှုများက ဇန္နဝါရီလ ၆ ရက်နေ့မှစတင်ကာ ယနေ့ ဇန္နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းအထိ ဖြစ်ပွားလျှက်ရှိသည်။

ထိုတိုက်ပွဲများကြောင့် ကရင်နီပြည်နယ်၏ လူဦးရေ ထက်ဝက်ကျော်က စစ်ဘေးလွတ်ရာ တောတောင်များ၊ နယ်စပ်ဒေသများအပြင် ရှမ်းပြည်နယ်တောင်ပိုင်းအထိ စစ်ရှောင်နေကြရသည်။

လူဦးရေ ၁ သိန်း ၇သောင်းကျော် စစ်ရှောင်နေကြရသည်ဟု ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here