စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တိုက်ပွဲကြောင့် မုံးကိုးမြို့နယ်ခွဲ လွယ်ဆာရွာရှိ ဒေသခံပြည်သူများ စစ်ရှောင်နေရ

0
177

၁၃ ဇန်နဝါရီ ၂၀၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ ဝိန်းဆိုင်အုပ်စု လွယ်ဆာရွာမှာ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းမှစတင်ပြီး ညနေ မိုးချုပ်ခါနီးအထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ညနေ ၁ နာရီခန့်ကစဖြစ်တာ။ စစ်ကောင်စီက လွယ်ဆာရွာမှာ ရှိနေတဲ့အချိန် ကိုးကန့်တွေ ထွက်လာတာနဲ့ ပက်ပင်းတိုးပြီး ထိတွေ့တိုက်ပွဲ ဖြစ်သွားတယ်။ ကြောက်လို့ ခုထိတုန်နေတယ်။” လို့ ထွက်ပြေးတိမ်းရှောင်လာသူ ၁ ဦးက ပြောပါတယ်။

ထို့အပြင် တိုက်ပွဲကြား အိမ်တစ်အိမ်တွင် စစ်ကောင်စီက ပြည်သူ ၄ ဦးကို ဖမ်းဆီးချုပ်နှောင်ထားကြောင်းလည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ပိတ်မိတာတော့ မသိဘူး။ သူတို့ဖမ်းချုပ်ထားတဲ့ ပြည်သူ ၄ ဦး၊ လုံးဝမလှုပ်ခိုင်းပဲ စစ်ဆေးနေတယ် သိရတယ်။ အဲထဲမှာ ကျနော့် ဦးလေးလည်းပါတယ်။ အမျိုးသား ၃ ဦး၊ အိမ်ထောင်သည် အမျိုးသမီ ၁ ဦးပါတယ်။” လို့ သူကပြောပါတယ်။

၎င်းဖမ်းဆီးခံရတဲ့သူများ ယနေ့မနက် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ဝိန်းဆိုင်ကျေးရွာ မြောက်ဘက်ပိုင်းရွာများဖြစ်တဲ့ လွယ်ဆာ၊ အင်ခွမ်ဂထောင်၊ နောင်ဟဲန့်၊ နာမ်ဖြဲ ကျေးရွာများမှ ပြည်သူများ ဝိန်ဆိုင်ကျေးရွာ ဘုရာကျောင်းထဲ ထွက်ပြေးခိုလှုံနေကြောင်း သိရသည်။

ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း လွယ်ဆာရွာအထက်ဘက်က နောင်ဟဲန်ရွာဘက်မှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဖြစ်ပွားခဲ့ပါသေးကြောင်း သိရသည်။

လက်ရှိမှာတော့ လွယ်ဆာကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး လွယ်ဆာရွာနဲ့ နောင်ဟဲန့်ရွာကြားက တကောင်းပါတွင် ကိုးကန့် MNDAA တပ်ရှိနေသောကြောင့် အချင်းချင်း စောင့်ကြည့်နေသော အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here