ကလေးလေဆိပ်ကို ယနေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်

0
341

၆ ဒီဇင်ဘာ ၂၀၂၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်ကို ယနေ့ (ဒီဇင်ဘာလ ၆ ရက်) ကစ၍ လေယာဉ်ပြေးဆွဲမှု အဝင်/အထွက်အားလုံး ရက်အကန့်အသတ်မရှိပိတ်လိုက်သည်ဟု သိရသည်။

“ကလေးလေဆိပ်ကိုပိတ်တာ အဝင်လည်းမရ အထွက်လည်းမရ ဘာကြောင့်ပိတ်လဲဆိုတာ ရုံးကနေလည်းမပြောနိုင်သေးဘူး၊ ဒီညနေ ၅ နာရီခွဲမှသတင်းသိရတယ်ဆိုတော့ ကျမတို့လည်း မနက်ဖြန်ပြန်မယ့် ခရီးသည်တွေကို တချိန်လုံးဖုန်းခေါ်နေတာ” ဟု ကလေးမြို့မှ လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးမြို့လေဆိပ်ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကပ်ရောဂါကြောင့် ရက်ပေါင်းအတော်ကြာ ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့်အောက်တိုဘာလ ၂၇ ရက်နေ့ကမှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ယောနယ်တဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ကာ ကလေး-ဂန့်ဂေါ ကားလမ်းများအသုံးပြုမရဖြစ်နေပြီး ကလေး-ကလေးဝ ယာကြီးကားလမ်းသည်လည်း အစစ်အဆေးတင်းကြပ်ကာ ကားခစျေးနှုန်းမြင့်တက်နေမှုများကြောင့် ခရီးသွားပြည်သူများသည် လေကြောင်းဖြင့် ပိုမိုသွားလာနေကြသည်။

ကလေးလေဆိပ်သည် ကလေး-ကဘော်ဒေသနှင့် ချင်းပြည်နယ်မှ ပြည်သူများအတွက် ပြည်မဘက်ခရီးသွားရာတွင် အဓိကအသုံးပြုသည့်လေဆိပ်ဖြစ်သည်။

ကလေးမြို့သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်နေသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ကလေးတောင်ပိုင်းရှိ ကျေးရွာအတော်များများမှ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here