သိန္နီ-ကွတ်ခိုင်ပြည်ထောင်စုလမ်းမအကြား လွိုင်ရွဲးတောင်အနီး စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တိုက်ပွဲဖြစ်

0
112

၂၉ နိုဝင်ဘာ ၂၀၂၁

ကွတ်ခိုင်မြို့နယ် သိန္နီ-ကွတ်ခိုင်ပြည်ထောင်စုလမ်းမအကြား မန်ပြိန်းကျေးရွာအထက် လွိုင်ရွဲးတောင်အနီးတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ၃ နာရီကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုနေ့ နံနက် ၉ နာရီ အချိန်ခန့်မှ နေ့လည် ၁၂ နာရီအချိန်ခန့်ထိ နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

အမည်မဖော်လို မန်ပြိန်းဒေသခံ ရွာသားတစ်ဦးက “မနက် ၉ နာရီ ၁၀မိနစ်အချိန်လောက်မှာ စစ်ကောင်စီတပ်ဘက်က မန်ပြိန်းရွာကနေ ပြည်ထောင်စုလမ်းမတစ်လျှောက် အထက်ပိုင်း လွိုင်ရွဲးတောင်နား အရောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ တိုက်ပွဲသံတွေ အဆက်မပြတ် စကြားခဲ့ရတာပါ။ လက်ရှိ ၁၂ နာရီအချိန်ထိ ကြားနေရတယ်” ဟု ပြောသည်။

မြေပြင်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ ထိတွေ့တိုက်ပွဲသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကိုးကန့်တပ်မတော် MNDAA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သို့သော်အဆိုပါ တိုက်ပွဲအခြေအနေ အသေးစိတ်နှင့်ပတ်သက်၍ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေ ဖြင့် သီးခြားအတည်ပြုချက်များ မရရှိသေးပေ။

လက်ရှိအချိန်ထိ တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှုနှင့်ပတ်သက်၍ မကြားရသေးဘူးဟု မန်ပြိန်းကျေးရွာက ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့တို့ သွားလာလှုပ်ရှားနေသည့် နေရာလည်း ဖြစ်သည်။

ကွတ်ခိုင်မြို့နယ်ထဲတွင် စစ်တပ်က အာဏာသိမ်းပြီး မေလဆန်းမှစတင်၍ စစ်ကောင်စီတပ်နှင့် တအန်း TNLA၊ ကိုးကန့် MNDAA၊ ကချင် KIA၊ ရခိုင် AA တပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း အကြိမ်ရေ ၅၀ ခန့် ဖြစ်ပွားခဲ့ပြီး ယနေ့တိုက်ပွဲသည် နိုဝင်ဘာလ၏ ပထမဆုံးအကြိမ် ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here