မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်ပါမှသာ ဆန် ၁၀ အိတ်နဲ့အထက် သယ်ယူခွင့်ပြု

0
105

ကရင်နီပြည်နယ်အတွင်းက စားနပ်ရိက္ခာသယ်ယူဖြန့်ဖြူးမှုတွေကို ကန့်သတ်ချက်ဖြင့်သာသယ်ယူဖို့ အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာလ ၃ ရက်နေ့မှာပြုလုပ်တဲ့ ပြည်နယ်အတွင်းလုပ်ငန်းရှင်များ အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ မြို့တွင်းနဲ့ ပြည်နယ်အတွင်း ၃ ပုံးအိတ် ဆန်အိတ် (၁၀) အိတ်နှင့်အထက် သယ်ယူပါက မြို့နယ်အုပ်ချုပ်ရေးရုံးကို ခွင့်ပြုချက်တောင်းပြီးမှသာ သယ်ယူပို့ဆောင်ရမှာဖြစ်ပြီး ဖောက်ဖျက်ပါက ပြင်းထန်စွာ အရေးယူသွားမယ်လို့ သိရပါတယ်။

အခုလို ကန့်သတ်ချက်တွေ ပြုလုပ်လာတဲ့အတွက် စစ်ဘေးရှောင်တွေအတွက် စာနပ်ရိက္ခာပြတ်လပ်မှုအပြင် အသက်အန္တာရာယ်ပါ ထိခိုက်စေနိုင်တဲ့ဖြစ်ရပ် ဖြစ်စေနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဦးဗညားက ပြောပါတယ်။

“ဒီလိုကန့်သတ်လိုက်ရင် ဆန်တွေက အချိန်မှီစွာ စစ်ဘေးရှောင်တွေထဲကို ရောက်ဖို့အတွက် တော်တော်ကို ကြန့်ကြာသွားနိုင်တယ်။ နောက် ကုန်ကျစရိတ်တွေက ပိုပြီးတော့မှ မြင့်သွားနိုင်တယ်ပေါ့နော။ အဲ့ဒီကိစ္စက စားနပ်ရိက္ခာပြတ်တောက်မှုကို ချင်ချင်းဖြစ်ပွားစေနိုင်တဲ့ အခြေအနေတစ်ရပ်ကို တွန်းပို့သွားနိုင်ပေါ့နော။ အဲ့ဒါကြောင့်မို့ ကျနော် အဲ့ဒါကို အရမ်းစိုးရိမ်တယ်။ ဒီဟာက ကျနော်တို့ရဲ့ စားနပ်ရိက္ခာပြတ်တောက်ခြင်းဟာ လူတွေရဲ့ အသက်အန္တာရာယ်ကိုပါ ထိခိုက်စေနိုင်တယ်။” လို့ ဦးဗညားက ကန္တရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် တစ်သိန်းသုံးသောင်းဝန်းကျင်ရှိပြီး တစ်ရက်လျှင် လူတစ်ဦး (၂) ဗူးနှုန်းဖြင့် တစ်လလျှင် (၃) ပုံးအိတ် (၁၄၄၀) အိတ် လိုအပ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေဟာ စစ်ရာဇဝတ်မြောက်တဲ့ထုတ်ပြန်ချက်တစ်ခုဖြစ်တယ်လို့ ဦဗညားက ဆက်ပြောပါတယ်။

“ကျနော်တို့ နိုင်ငံတကာကို ပြန်ပြီးတော့ တောင်းဆိုချင်တာက ခုဏကပြောသလို ဒီလိုမျိုး တားမြစ်ချက်တွေဟာ လူသားချင်းစာနာထောက်ထားမှုနဲ့ လုပ်ဆောင်ရမယ့် ကျင့်ထုံးတွေကို နောက်တစ်ဆင့် ကျူးလွန်တာ ကျနော်တို့ ထပ်တွေ့လာရပြီ။ အဲ့တာက လူသားမျိုးနွယ်စုကို အခက်အခဲဖြစ်စေတယ်။ လူသားမျိုးနွယ်စုအပေါ်မှာ စစ်ရာဇဝတ်မှုမြောက်တဲ့ အမိန့်ထုတ်ပြန်ချက်တွေ ဖြစ်တယ်ပေါ့နော။” လို့ ဦးဗညားက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်တွင်းရှိ ဒေသခံပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် သီးနှံမစိုက်ပျိုးနိုင်တာတွေ ရှိသလို စိုက်ပျိုးလိုက်နိုင်တဲ့ သူတွေကလည်း မရိတ်သိမ်းနိုင်တာတွေ ရှိနေပါတယ်။ အကြမ်းဖက်စစ်ကောင်စီကနေပြီး စစ်ဘေးရှောင်တွေအတွက် ရိက္ခာတွေ သယ်ယူပို့ဆောင်တဲ့သူတွေကို ဖမ်းဆီးတာတွေ၊ စားနပ်ရိက္ခာတွေ သိမ်းဆည်းတာတွေ၊ ဒေသခံပြည်သူများ ရိတ်သိမ်းပြီး စပါးတွေကို မီးရှို့ဖျက်စီးတာတွေ၊ စပါး သိုလှောင်ထားတဲ့ စပါးကျီကို မီးရှို့တာတွေလည်း ပြုလုပ်နေတာတွေလည်း ရှိနေပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here