ဖရူဆိုမြို့ နယ် စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

0
83

၁၄ အောက်တိုဘာ ၂၀၂၁

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်း မားခရှော်ရှေ့အုပ်စု၊ ကေးလျားအုပ်စုထဲက ကျေးရွာပေါင်း ၈ ရွာမှ ဒေသခံပြည်သူ ၁ထောင်ကျော် တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာ၊ ဆေးဝါး အရေးပေါ်လိုအပ်နေပြီး အခက်အခဲရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူထံကနေ သိရပါတယ်။

“အခက်အခဲက မိုးကာတွေ အမိုးတွေက မလုံလောက်ဘူးပေါ့နော။ မိုးရွာတဲ့အခါကျတော့ သိပ်အဆင်မပြေဘူး။ ပြီးတော့ တောမှာသွားနေတဲ့သူတွေက နေမကောင်း၊ ဖျားတာတွေ အခက်အခဲရှိတယ်။ ဖုန်းလိုင်းလည်းမရဘူး။ အဆက်အသွယ်လည်းပြတ်နေတယ်ပေါ့နော။ အခုရွာမှာပြန်နေတဲ့ခါကျတော့ လိုင်းနည်းနည်းရတယ်။ ပြင်ဆင်တာက ရှိတယ်။ ရှိတယ်ဆိုတာ မလုံလောက်ဘူးပေါ့။ ၅ပုံမှ ၁ ပုံလောက်ပဲရှိတာပေါ့ ။ ရှောင်တဲ့သူများတယ် ပြီးတော့ မိုးကာလည်းမလုံလောက်ဘူး ။ကိုယ့်ဟာကို ယူထားတာပဲရှိတယ်။ ပြီးတော့ မိုးကာလည်း သိပ်မကောင်းတဲ့ခါကျတော့ မိုးရွာရင် အပေါက်တွေများတယ်လေ အဆင်မပြေဘူး။ ဆေးတွေက သိပ်မလုံလောက်ဘူးပြောရမှာပေါ့။ အခုက ကလေးနဲ့သက်ကြီးရွယ်အိုတွေက သိပ်နေမကောင်းကြဘူး။”လို့ ဖရူဆိုမြို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

အော်တိုဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ အင်အား ၃၀၀ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၁၂ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲ ၅ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးက အောက်တိုဘာလ ၁၂ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကြောင့် ဖရူဆိုမြို့နယ်အတွင်းရှိ ဒေါပိုရှေ့၊ ပရယ်တော်၊ ထားလဲ၊ တနောကလော၊ လောကျေခူ၊ ဒေါကလော်လဲ၊ ဒေါစဲခူ၊ ဘူးခူ စတဲ့ကျေးရွာက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာအတွင်း စစ်ကောင်စီတပ်သားတွေ စခန်းထိုင်မှုရှိပြီး ပြည်သူတွေရဲ့အိမ်တွေကို မွှေနှောက်ဖျက်ဆီးခဲ့သလို မွေးမြူထားတဲ့ ကြက်၊ ဝက်၊ ကျွဲ၊ နွား တိရိစ္ဆာန်တွေကို သတ်ဖြတ်ခြင်း၊ စပါးကျီ မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာမှာတော့ သူတို့စခန်းထိုင်တဲ့ပုံစံရှိတယ် ။ကျေးရွာအနီးနားက တောင်ကုန်းမှာ အတိအကျတော့ ကျနော်တို့လည်းမပြောတတ်ဘူး။ ရဲဘော်ကနေရလာတဲ့သတင်းအရ သူတို့စခန်းထိုင်တာတော့ရှိတယ် အဲ့လိုပြောတယ်။” လို့ KNDFတပ်ရင်း (၄) ဖရူဆို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကျေးရွာအတွင်း ဝင်ရောက်နေထိုင်မှုရှိနေပြီး ဖမ်းဆီးခံရမှုမရှိစေဖို့အတွက် ဒေသခံပြည်သူတွေကို လတ်တလော ကျေးရွာကို မပြန်ဖို့၊ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်ပွားနိုင်တဲ့အတွက် အတတ်နိုင်ဆုံး အခက်အခဲတွေကို တောင့်ခံထားပေးဖို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ကျနော်ထင်တာကတော့ ထားလဲတို့အုပ်စုဖက်က ပြန်လို့အဆင်မပြေသေးပါဘူး။ တပ်က စစ်ကောင်စီကလည်း အဲ့နားတစ်ဝိုက်မှာပဲ ရှိသေးတယ်ဆိုတော့ ပြန်လို့တော့မရသေးဘူး။ တိုက်ပွဲကလည်း အချိန်မရွေးပြန်ဖြစ်နိုင်တဲ့ အလားအလာရှိတယ်။ ဒါက တော်တော်သေချာတဲ့ အနေအထားပေါ့။ ဆိုတော့ အတတ်နိုင်ဆုံး ဒီအခက်အခဲတွေတောင့်ထားပြီးတော့ ဆက်ပြီးတော့ နေဖို့တော့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ရွာထဲမှာ အခြေချမိပြီဆိုရင်တော့ တော်ရုံတန်ရုံနဲ့ ပြန်မထွက်ဘူးပေါ့နော။ ပြန်မထွက်တော့ ပြန်လာတာနဲ့ဖမ်းဆီးပြီးတော့ သတ်ဖြတ်မှာပဲ။ နည်းနည်းလေး စောင့်ပေးဖို့တော့ ကျနော် အဲ့လို ရှောင်ရှားပေးဖို့ ကျနော် ဒီကနေ ပြန်ကြားချင်တယ်ပေါ့လေ လူထုတွေကို။”လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မော်ဦးမြာ (ကန္တာဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here