ဝိုင်းမော်မြို့ မိုင်းနား KBC စစ်ရှောင်စခန်းတွင် ဆန်နှင့်အခြေခံစားကုန်များ လိုအပ်နေဟုဆို

0
179

၆ စက်တင်ဘာ ၂၀၂၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနား KBC စစ်ရှောင်စခန်းရှိ စစ်ရှောင် ၃၀၀၀ နီးပါးအတွက် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ လိုအပ်နေသည်ဟု စစ်ရှောင်များနှင့် စခန်းတာဝန်ခံက ပြောသည်။

ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာရှိ မိုင်းနား KBC စစ်ရှောင်စခန်းက စစ်ရှောင် အိမ်ထောင်စု ၅၃၂ စု၊ လူဦးရေ ၂၉ ကျော်အတွက် အခြေခံစားသောက်ကုန်များ လိုအပ်နေခြင်း ဖြစ်သည်ဟု စစ်ရှောင်စခန်းတာဝန်ခံ ပြောသည်။

မိုင်းနား KBC စစ်ရှောင်စခန်း တာဝန်ခံ ဦးဘရန်ဆိုင်း က “တချို့အိမ်ထောင်စုတွေ ခက်ခဲတဲ့ဟာဆိုရင် ဆန်ပြုတ် စားနေရတဲ့ သူတွေတောင် တော်တော်များနေပြီ။ စစ်ရှောင်တွေက တစ်ပူပေါ် နှစ်ပူဆင့်သလို ပိုပြီးတော့ အရမ်း ကို ဒုက္ခရောက်နေကြပါတယ်” ဟု ပြောသည်။

ကိုဗစ်-၁၉ ကာလအတွင်း စခန်းအတွင်း ရောဂါဖြစ်ပွားသူများရှိလာ၍ စစ်ရှောင်စခန်းကို အဝင်အထွက် တစ်လ ခန့် ပိတ်လိုက်ရခြင်းကြောင့် အစားအသောက်နှင့် ရိက္ခာ အခက်အခဲ လိုအပ်ချက် ပိုများလာရခြင်း ဖြစ်သည်ဟု စစ်ရှောင်များက ဆိုသည်။

စစ်ရှောင် ဒေါ်ဒွဲဘူ က “အကုန်လုံးကအိမ်ထဲမှာပဲနေကြရတော့ ပိုက်ဆံကပြတ်ကြပြီလေနော့်။ စားချင်တဲ့ဟာ လည်းမစားရဖြစ်နေတာ” ဟု ပြောသည်။

ထို့အပြင် စစ်ရှောင်စခန်းအတွင်းရှိ အသက် ၈၀ ကျော် အဘိုးအဘွားများအတွက်လည်း အာဟာရများ လိုအပ်နေ သည်ဟု ဆိုသည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံရေးအခြေအနေလည်း ဆိုးရွားနေသည့်အတွက် စစ်ရှောင်များမှာ အပြင်သို့ နေ့စားအလုပ်လုပ်ရန်လည်း မဖြစ်နိုင်၊ အလုပ်အကိုင်မရှိသည့်အတွက် အခြားဝင်ငွေ များလည်း ပြတ်နေပြီး ပိုမိုခက်ခဲလာရခြင်း ဖြစ်သည်ဟု စစ်ရှောင်စခန်းတာဝန်ခံ ဦးဘရန်ဆိုင်းက ပြောသည်။

“အခြေအနေကျတော့ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတာပေ့ါ။ လိုအပ်တယ်ဆိုတာက အရင်တုန်းကတော့ ကိုဗစ်မဖြစ်ခင်၊ Lock down မချခင်က မိသားစုစားဝတ်နေရေးနဲ့ ပတ်သက်ပြီး နေ့စားသွား အလုပ်သွားရှာ စားတဲ့ လူတွေရှိတယ်။ အဲ့လိုမျိုးအချိန်မှာ ကိုဗစ်ပြန်ဖြစ်တဲ့အခါကြတော့ တော်တော်လေးခက်ခဲသွားတာ။ စစ်ရှောင် တိုင်းက အဓိကတော့ အခြေခံအစားအစာ၊ ဆန်တွေ၊ ဆီ၊ ဆားတွေ လိုအပ်တာပေါ့။ ပြီးခဲ့တဲ့ နှစ်ပတ် သုံးပတ်က ဆို ဆန်ပြုတ်စားရတယ်။ အခု လွန်ခဲ့တဲ့ သုံး လေး ရက်က လူကယ်ပြန်ကနေ ဆန်၊ ဆီ၊ ဆား ထောက်ပံ့ထားတာ တွေရှိတယ်။ အဲ့ဒါတွေနဲ့ အခုလောလောဆယ် နည်းနည်း ချောင်တယ်လို့တော့ ပြောလို့ရ တာပေါ့။”

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လစဉ် စစ်ရှောင်များအတွက် လိုအပ်ချက်အပေါ်မူတည်၍ ထောက်ပံ့ ပေးသည့် အစီအစဉ်အရ အချို့ကို ၇၀ ရာခိုင်နှုန်း(ကျပ် ၁၁၀၀၀) နှင့် အချို့ကို ၁၀၀ ရာခိုင်နှုန်း (ကျပ် ၁၅၀၀၀) ထောက်ပံ့ပေးလျှက်ရှိပြီး ယခု အောက်တိုဘာလအတွက် ထောက်ပံ့ငွေ မရရှိသေးဘူးဟု ဆိုသည်။

မိုင်းနား KBC စစ်ရှောင်စခန်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မုဆိုးမ မိသားစုများ၊ သက်ကြီးရွယ် အိုများ ရှိသည့် မိသားစုများနှင့် မသန်စွမ်းများ ရှိသည့် မိသားစုများအတွက် ထောက်ပံ့မှု ၁၀၀ ရာခိုင်နှုန်း (ကျပ် ၁၅၀၀၀) နှုန်းဖြင့် အယောက်စီတိုင်းကို ပေးပြီး၊ အခြားသာမာန်မိသားစုများအား ၇၀ ရာခိုင်နှုန်းဖြင့် (တစ်ဦးလျှင် ကျပ် ၁၁၀၀၀) ထောက်ပံ့ပေးခြင်း ဖြစ်သည်။

ထိုထောက်ပံ့မှုကို စစ်တပ် အာဏာမသိမ်းခင်က လစဉ်ပုံမှန် အချိန်မှီရရှိခဲ့သော်လည်း နိုင်ငံရေးအခြေအနေအရ နောက်ကျမှုများ ရှိသည်ဟု စစ်ရှောင်များက ပြောသည်။ မိုင်းနား KBC စစ်ရှောင်စခန်းမှ စစ်ရှောင်များအတွက် အဓိက လိုအပ်နေသည်များမှာ ဆန်၊ အခြေခံစားသောက် ကုန်၊ ရိက္ခာ၊ နှင့် ဆေးဝါးများ လိုအပ်နေသည်ဟု ပြော သည်။

မိုင်းနား KBC စစ်ဘေးရှောင်စခန်းတွင် ကချင်ပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၄ မြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း ၄၀ ကျော်က ဒေသခံရွာသားများသည် ၂၀၁၁ ခုနှစ်တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ပြန်လည်ဖြစ်ပွားလာသည့် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများ ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here