စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ဆန္ဒပြခဲ့သည့် ရခိုင်လူငယ် လေးဦးအား ထောင်နှစ်ခွဲချမှတ်ခဲ့

0
153

၁၇ စက်တင်ဘာ ၂၀၂၁

ရခိုင်ပြည်နယ်ထဲတွင် ယခင်နှစ်များက ဖြစ်ပွားခဲ့သည့် စစ်ပွဲကာလအတွင်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက် မှုများနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြသည့် ရခိုင်လူငယ် ၄ ဦးကို စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် နှင့် ၆ လစီ ချမှတ်လိုက်သည်ဟု ၎င်းတို့၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့် ရခိုင်ကျောင်းသား ၄ ဦးကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အမှုအား လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင် က “ကျောင်းသားတွေကိုက အမှုနှစ်မှုနဲ့စွဲထားတာဗျ။ ၅၀၅ (ခ)၊ ၂၀ ရက် ၁၀ လပိုင်း ၂၀၂၀ မှာ စွဲတာ။ နောက်တစ်မှုကတော့ ၃ လပိုင်း ဒီ ၂၀၂၁ မှာစွဲတာ။ အဲ့ဒါက ဘေးစီမံ ၂၉ နဲ့စွဲတာ။ အဲ့ဒီခလေး လေးယောက်ကို ဒီနေ့ တရားလိုအပါအဝင် တရားလို ပြ သက်သေတွေ အကုန်လုံးကို စစ်ဆေးပြီးတော့ ဒီနေ့ စွဲချက်အမိန့်ချမှတ်ရမယ့်နေ့ပါ။ ဒီနေ့ Video Conferencing နဲ့ပဲ ကျနော်တို့ အမှုစစ်တယ်။ တရားသူကြီးရယ်၊ အမှုလိုက်ရှေ့နေရယ်၊ ဥပဒေအရာရှိရယ်” ဟု ပြောသည်။

ထိုသို့ အမှုစစ်စဉ် “အဲ့လိုစစ်တော့ တရားသူကြီးက စွဲချက်အမိန့်ကို ဖတ်ပြတယ်။ တရားသူကြီးက မင်းတို့အပြစ် ရှိလား မရှိလားပြောဆိုတော့ သူတို့က အပြစ်ရှိတယ်လို့ ဝန်ခံတယ်ခင်ဗျ။ အပြစ်ရှိတယ်လို့ ဝန်ခံတော့ ဘေးစီမံ ၂၉ ကို ပြစ်ဒဏ် အလုပ်နဲ့ထောင် ၆ လ ချတယ်။ ၅၀၅ (ခ) ကို အလုပ်နဲ့ထောင်ဒဏ် နှစ်နှစ်ချတယ်” ဟု တရား လွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ဆက်ပြောသည်။

စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သည့် ရခိုင်လူငယ် ၄ ဦးမှာ ရခိုင်ကျောင်းသား သမဂ္ဂအဖွဲ့ ဝင် များ ဖြစ်ကြသည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဒဂုံ တက္က သိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်သည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ နိုင်ငံရေးဗျူရို တာဝန်ခံ ကိုတိုးတိုးအောင်က “ဒီလိုချလိုက်တယ်ဆိုတာက သက် သက်နှိမ့်တာလို့ပဲ မြင်တယ်။ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ တရားမျှတမှုမလည်း မရှိဘူး။ အခုလိုဖြစ်သွား တာက လုံးလုံးကြီးကို လုပ်ကြံတာပေါ့နော်။ ပွင့်လင်းမြင်သာမှု မရှိတဲ့ တရားစီရင်ဖြစ်တယ်။ ဒီဟာတွေက အခု မှ မဟုတ်ဘူး။ ကျနော်တို့ဘက်က လူငယ်တွေက စစ်တပ်ကိုရော၊ အရပ်သားအစိုးရကိုရော အယုံအကြည် မရှိ ဘူး။ ကျနော်တို့ကို ဖိနှိပ်နေတဲ့အရာဖြစ်တဲ့အတွက် တွန်းလှန်နေတာဖြစ်တယ်။ ဆက်ပြီးတိုက်ပွဲဝင်သွားမှာပဲ” ဟု ပြောသည်။

ယနေ့ ထောင်ဒဏ် ချမှတ်ခံလိုက်ရသည့် ရခိုင်ကျောင်းသား ၄ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ အောက်တိုဘာ ၁၉ ရက်နေ့ က စစ်တွေမြို့ပေါ်တွင် ကိုလိုနီအစိုးရ အလိုမရှိ၊ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ပြီး ဆန္ဒပြခဲ့ကြသည့်အတွက် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်တွင်းအချုပ် ၁၁ လခန့်ဖြင့် အမှုရင်ဆိုင်ပြီးနောက် ယနေ့တွင် စစ်တွေမြို့နယ် တရားရုံးက ပုဒ်မ ၂ ခုအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လစီ ပြစ်ဒဏ်ချမှတ် လိုက်ခြင်းဖြစ်သည်။

NMG – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here