ပလက်၀မြို့နယ် ရွေးကောက်ပွဲအတွက် မဲရုံသုံးပစ္စည်များ ရဟတ်ယာဉ်ဖြင့် တပ်မတော် ပို့ဆောင်

0
236

၅ နို၀င်ဘာ ၂၀၂၀။

လာမည့် နို၀င်ဘာလ (၈) ရက်နေ့အထွေထွေရွေးကောက်ပွဲအတွက် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် နို၀င်ဘာ (၃) ရက်နေ့က ပို့ဆောင်ခဲ့ပြီဟု သိရသည်။

ပလက်ဝမြို့နယ်ရှိ ရှင်းလက်၀ကျေးရွာအုပ်စု (၁) စု၊ ဆမီးမြို့ပေါ်ရပ်ကွက် (၃) ခုနှင့် ပလက်၀မြို့ပေါ်ရပ်ကွက် (၄) ခုအတွ က်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများအားလုံးရောက်ရှိသွားပြီဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

“ကျနော်တို့ လမ်းကြောင်းမှာ မဲရုံသုံးပစ္စည်းတွေက အထိအခိုက်မခံတဲ့ဟာတွေ မဲလက်မှတ်တွေဟာ တစ်ခုခု တစ်စုံတစ်ရာဖြစ်သွားတယ်ဆိုရင်မကောင်းဘူးပေါ့ အဲဒါကြောင့် ရဟတ်ယာဉ်နဲ့ကျတော့ ပိုပြီးတော့လုံခြုံတယ် မြန်တယ် အဲဒါကြောင့် ရဟတ်ယာဉ်နဲ့ပို့တာ၊ လမ်းကြောင်းကတော့ မလုံခြုံလို့တော့ပြောလို့မရဘူး ကျနော်တို့ကတော့ ပိုပြီးစိတ်ချအောင် ရဟတ်ယာဉ်တောင်းပြီးတော့ ရဟတ်ယာဉ်နဲ့ပို့ပေးတာ စစ်တွေကနေပို့တဲ့ပစ္စည်းလည်းရှိတယ်၊ မတူပီကနေပို့တဲ့ပစ္စည်းလည်းရှိတယ်၊ ပလက်၀မှာရော ဆမီးမှာရော ရှင်းလက်၀မှာရော အကုန်လုံးပြည့်စုံပြီးတော့ ကြိုတင်မဲပေးလုပ်ငန်းစဉ်တွေလည်း သူတို့စလုပ်နေပြီ” ဟု ဦးလင်းကျော်ကပြောသည်။

ပလက်ဝမြို့နယ်သို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ပထမတစ်ကြိမ်က သာမာန်မဲရုံးသုံးပစ္စည်းတွေပို့ဆောင်ခဲ့ပြီး ဒုတိယအကြိမ်မှာ မဲလက်မှတ်နှင့် တတိယကြိမ်တွင် မှင်အိုး၊ နိုင်ငံခြားက ကြိုတင်မဲပေးပြီးသားတို့ကို ပို့ဆောင်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုစုပေါင်း (၁၀၂) အုပ်စုရှိပြီး မဲဆန္ဒနယ်အမှတ် (၁) တွင် (၄၅) အုပ်စု၊ အမှတ် (၂) တွင် (၅၇) အုပ်စုရှိသည်။ သို့သော်လည်း နယ်မြေလုံခြုံရေးအခြေနေကြောင့်ဟုဆိုကာ ကျေးရွာအုပ်စု (၉၄) အုပ်စုမှာ ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့ကစ၍ နို၀င်ဘာ (၅) ရက်နေ့အထိ အသက် (၆၀)နှင့် အထက်မဲဆန္ဒရှင် ပြည်သူများက ပလက်၀မြို့တွင် ကြိုတင်မဲ သတ်မှတ်ရက်များတွင်ပေးနေကြပြီဖြစ်ကြောင်း လည်းသိရသည်။

ပလက်၀မြို့နယ်တွင် ရွေးကောက်ပွဲကောင်းမွန်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကာကွယ်ရေး၀န်ကြီးဌာန၊ တပ်မတော်နှင့် ညှိုနှိုင်းထားခဲ့ပြီဖြစ်ကာ ပြည်ထဲရေးဘက်မှလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ညှိုနှိုင်းထားခဲ့ပြီး လုံခြုံရေးပိုင်းကို ၎င်းတို့မှဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူးကပြောသည်။

ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်သည် လူဦးရေနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအများဆုံးဖြစ်ကာ ပလက်မြို့နယ်တွင် ယခုကဲ့သို့ ကျေးရွာအုပ်စု (၁၀၂) မှ အုပ်စု (၉၄) အုပ်စုတွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်သည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅) သောင်းကျော်က မဲပေးပိုင်ခွင့်ဆုံးရှုံးသားမည်ဖြစ်ပြီး လူဦးရေ (၁) သောင်းနီးပါကသာ မဲပေးခွင့်ရှိနိုင်တော့မည်ဖြစ်သည်။

လားနွန် (KMG)-‌ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here