KNU တပ်မဟာ ၄ နယ်မြေအတွင်း စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ

0
153

စက်တင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ် (ပုလောင်မြို့နယ်)၊ ပုလောနယ်မြေထဲတွင် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် အချိန်အတန်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကေအဲန်ယူ နယ်မြေထဲကို တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA)တပ်မဟာ ၄၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့( KNDO) တပ်ရင်း ၇ နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

သူမက “ဒီမနက်က စပြီး ပနာမီ(ဒူးရင်းပင်ရှောင်)ကျေးရွာ လမ်းထိပ် ပနဲတောင်နဲ့ ကျောင်းနိပ် နေရာမှာ ဖြစ်ပွားနေတယ်။ ဗမာစစ်သားတွေကတော့ အများကြီးပဲ ကရင်ဖက်ကတော့ နည်းတယ်။ အခုထိပစ်နေတုန်းပဲ။ ပစ်ခတ်မှုကြောင့် ရွာသားအချို့ပြေးကြပြီ။ အချို့က ရွာမှာကျန်နေသေးတယ်။” ဟု နံနက် ၁၀ခွဲကျော်တွင် ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ စစ်ကား အစီးရေ ၃၀ ခန့်သည် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ထီးခီးဘက်သို့ ချီတက်သွားသလို ပုလောမြို့ဘက်တွင်လည်း စစ်ကောင်စီ စစ်ကား အစီး ၄၀ ခန့် သွားလာလှုပ်ရှားနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“အခုအချိန်ထိတော့ Palaw PDF နဲ့ KNU ဘက်က ထိခိုက်မှု မရှိသေးပါဘူး။ စစ်တပ်က စစ်ကူ စစ်ကား ၂၉ စီး ပုလောကို စစ်ကူလာနေပြီး။ ဘိတ် ကျောက်ဖြူတောင်ဘက်လည်း စစ်ကူထပ်လာမယ်။ PDF အတွက် ဝိုင်း ဆုတောင်းပေးကြပါအုံး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင် ပြောခွင့်ရသူ ပဒိုစောဖလော်စိုးဝင်းက ” သူတို့က PDF ရှိတယ်လို့ ယူဆတဲ့နေရာကို လိုက်ရှာတာ၊ အဲဒီနေရာ တစ်ခုထဲ မဟုတ်ဘူး။ အဲလိုလိုက်ရှာရင်း ထိပ်တိုက်တွေ့ဆုံတာဖြစ်နိုင်တယ်။ အသေးစိတ်ကိုတော့ အောက်ခြေက သတင်းပို့လာတာမရှိသေးဘူး။ PDF ပါမပါတော့ မသိဘူး”ဟု ပြောသည်။

စစ်ကောင်စီတပ်မှ ကေအဲန်ယူနယ်မြေထဲသို့ ဆက်လက်ဝင်ရောက်လာမည်ဆိုပါက ပစ်ခတ်တိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာနိုင်သည့် အခြေအနေတွင် ရှိသည်ဟုလည်း ပဒိုစောဖလော်စိုးဝင်းက ဆက်ပြောသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here