ကျောက်မဲမြို့နယ် ပန်လင်းရွာအုပ်စုအတွင်း မိုင်းနင်းမိပြီး ဒဏ်ရာရရှိထားသူ ဒေသခံပြည်သူတစ်ဦး ကြိုးဆွဲချလျက် သေဆုံးနေဟုဆို

0
197

ဓာတ်ပုံ – Citizen Journalist

၂၇ ဩဂုတ် ၂၀၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအုပ်စုထဲက မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရထား သည့် ဒေသခံပြည်သူတစ်ဦး ကြိုးဆွဲချပြီး သေဆုံးသွားသည်ဟု ဒေသခံများနှင့် ကျေးရွာတာဝန်ရှိ သူများက ပြောသည်။

ပန်လင်ကျေးရွာအုပ်စု၊ ပန်မကျေးရွာက မိုင်းအိုက်ညီသည် မိုင်းနင်းမိပြီးနောက် မိသားစုအတွင်းမှာ စားဝတ် နေရေးအခက်အခဲတွေဖြစ်လာသည့်အတွက် ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်း ဖြစ်ည်ဟု ကျေးရွာ ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“သူက မိုင်းနင်းမိပြီး စိတ်ဓါတ်ကျနေတာမျိုး ဖြစ်နေတာ။ အခုဆို မိသားစုက စားဝတ်နေရေး အခက်ဖြစ် တယ်။ တိုက်ပွဲတွေကလည်း မကြာခနဖြစ်နေတော့ ပိုဆိုးလာတယ်။ အဲ့ဒါ သူကြိုးဆွဲချပြီး သတ်သေသွားတယ်” ဟု ပြောသည်။

ကျောက်မဲမြို့ပေါ်ရောက် စစ်ရှောင်တစ်ဦးက လက်နက်ကိုင်များအနေဖြင့် ကျေးရွာများအနီးနှင့် ပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်များဖြစ်သည့် တောင်ယာများ၊ လက်ဖက်ခြံများနှင့် လူသွားလမ်းများတွင် မိုင်းထောင်ခြင်းများ မလုပ်စေချင်ကြောင်း ပြောပါသည်။

“ကျနော်တို့က ဘာပြောလို့ရမလဲ၊ စစ်ပွဲက မဖြစ်စေချင်လည်း ဖြစ်နေတာပဲ။ သူတို့ဖြစ်ပြီဆိုရင် ထွက်ပြေးရ ပြီ။ ပြေးရင်းနဲ့လည်း မိုင်းနင်းမိတာမျိုးတွေရှိတယ်။ အလုပ်သွားရင်းလည်း နင်းမိတယ်။ တောင်ယာသွားလည်း နင်း မိကြတယ်။ လက်ဖက်ခူးသွားရင်လည်း နင်းမိတာတွေရှိတယ်။ မိုင်းတော့ ရွာတွေနားမှာ မထောင်စေချင် ဘူး နော်။ ကျနော်တို့ အလုပ်လုပ်တဲ့နေရာတွေမှာလည်း မိုင်းထောင်းထားတာတွေရှိတော့ အဲ့လိုမျိုး မထောင်စေ ချင်ဘူး။”

အသက် ၃၁ နှစ်အရွယ် သေဆုံးသူ မိုင်းအိုက်ညီသည် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်က လက်ဖက်ခူးသွားရင်း မိုင်း နင်းမိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုင်းအိုက်ညီမိုင်းနင်းမိတဲ့နေ့တွင် ပန်မကျေးရွာက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးလည်း မိုင်းနင်းမိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲတွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ ယနေ့ အချိန်ထိ တပ်ပေါင်းစု များဖြစ်ကြသည့် TNLA၊ SSPP တပ်ဖွဲ့များနှင့် RCSS တို့အကြားမှာ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာ နေဆဲ ဖြစ်သည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံ ပြည်သူလည်း တစ်ထောင်ကျော်လည်း နေရပ်စွန့်ခွာပြီး စစ်ဘေးလွတ်ရာ နေရာ များတွင် ထွက်ပြေးခိုလှုံ နေကြရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here